မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေးရွာတွင် နေထိုင်သည့် သားအမိ ၄ ဦးကို နမ့်ခမ်းမြို့နယ်တွင်
နေထိုင်သော အမျိုးသမီးနှင့် အဖွဲ့က တရုတ်နိုင်ငံသို့ ရောင်းစားခဲ့ခြင်းကြောင့်
အဆိုပါအဖွဲ့အနက် ဖမ်းဆီးရမိသူ လင်မယား ၂ ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ စီ
ကျခံစေရန် မူဆယ်ခရိုင်တရားရုံးက အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
.
ကွတ်ခိုင်မြို့နယ်၊
မိုင်းယုလေးရွာနေ အသက် ၃၀ အရွယ် မိခင် ဖြစ်သူနှင့် ၎င်း၏ သားသမီးများကို ၂၀၁၉ ခုနှစ်၊
မေလက တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့သို့ ရောင်းစားခံရခြင်း ဖြစ်ပြီး အဆိုပါ လူကုန်ကူးမူ
ကျုးလွန်သူများအနက် ဖမ်းဆီးရမိသည့် လင်မယား ၂ ဦးကို ဇူလိုင်လ ၃ ရက်က ထောင်ဒဏ် အမိန့်
ချမှတ်ခဲ့ခြင်း ဖြစ်သည်။
.
“ ရောင်းစား
ခံရချိန်က ကလေး ၂ ယောက်နဲ့ သူ့အမေကို ရောင်းစားလိုက်တာ ၂၀၁၉ ၊ ၂ လပိုင်းကပါ။ သူ့အဖေက
အလုပ် သွားနေတာ အိမ်မှာ မရှိဘူး။ အခု ရောင်းစားခံရတာ သားမိ ၃ ယောက်ပါ။ ရောင်းတာတော့
သားအမိ ၄ ယောက်လုံးကို ရောင်းတာ သားအငယ် ၂ ယောက်နဲ့ မိခင်ကိုပဲ တရုတ်တွေက ယွမ် ၂၀၀၀၀
နဲ့ ဝယ်တယ်တဲ့။ သမီးအကြီးကို မဝယ်တော့ ရောင်းစားတဲ့ သူတွေက နမ့်ခမ်းကို ပြန်ပို့ထားရာကနေ
ဖမ်းမိတာပါ။” ဟု ခိုလုံလီရှော ပြန်ကြားရေး တာဝန်ခံ မသိမ့်က ပြောသည်။
.
ယင်းကဲ့သို့
ရောင်း၍ မရသည့် ၇ နှစ် အရွယ် မိန်းကလေးငယ်ကို သက်ဆိုင်ရာက တွေ့ရှိပြီးနောက် လူကုန်ကူး
ခံရသူများကို ပြန်လည် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပြီး အဓိက လူကုန်ကူး တရားခံ လီမိန်ကျိန်းမှာ
လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
.
အဆိုပါ
အမှုအား မူဆယ်မြို့မရဲစခန်းမှ (ပ)၃၆/၂၀၁၉၊ လူကုန်ကူးမှု တိုက်ဖျက်ရေးပုဒ်မ ၂၈(က) ဖြင့်
အမှုဖွင့်၍ တရားစွဲ တင်ပို့ခဲ့ရာ မူဆယ်ခရိုင်တရားရုံးက ရာကြီးပုဒ်မ ၂၁၂/၂၀၁၉ ဖြင့်
လက်ခံစစ်ဆေးပြီးနောက် ဖမ်းဆီးရမိ တရားခံများ ဖြစ်သည့် ဦးရှင်းဖ နှင့် မယန်နင့်ယီ တို့
လင်မယား ၂ ဦးကို ထောင်ဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်ကောင်း သိရသည်။
.
“ တရားဝင်
လက်မှတ် ရေးထိုးထားခြင်း မရှိတဲ့ တရုတ်နိုင်ငံကို အလုပ် သွားလုပ်မယ့် မြန်မာ လုပ်သားတွေကို
သက်ဆိုင်ရာနဲ့ ချိတ်ဆက်ပြီး လူကုန်တားရဲ ဌာန ဖုန်းနံပါတ်၊ လူမူကူညီရေးအသင်း ဖုန်းနံပါတ်
ရယူသွားပြီး မိမိ တစ်ကိုယ်ရည် လုံခြုံမူ အထူး ဂရုစိုက်ပြီးမှ သွားလာကြဖို့ အသိ ပေးလိုပါတယ်။”
ဟု မူဆယ်မြို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် လှထွန်းဦးက ပြောသည်။
.
မူဆယ်မြို့တွင်
၂၀၁၉ ခုနှစ်အတွင်း လူကုန်ကူးမူပေါင်း ၃၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၂၀ ပြည့်နှစ်အတွင်း ၅
မှု ရှိခဲ့ပြီး လက်ရှိ COVID-19 ဖြစ်ပွားနေစဉ်ကာလတွင် မူဆယ်မြို့ နယ်စပ်ဖြတ်ကျော်ဂိတ်မှ
တဆင့် ပြန်လည် ဝင်ရောက်လာသည့် ပြည်တော်ပြန်များတွင် လူကုန်ကူး ခံရသူများ ပါဝင်မှု ရှိ/မရှိကို
စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
No comments:
Post a Comment