ဖက်ဒရယ် အိပ်မက် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, July 10, 2020

ဖက်ဒရယ် အိပ်မက်


ကိုစိုး (ကမ္ဘောဇတိုင်း)
.
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်က ကြေညာချက်အမှတ် (၁၁၁/၂၀၂၀) မှ (၁၁၄/၂၀၂၀) အထိ ထုတ်ပြန်ချက်များ အသီးသီး ထုတ်ပြန်ကာ ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်များကို သတ်မှတ် ထုတ်ပြန်ကြေညာခဲ့ပြီး ဇူလိုင်လ ၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁၁၅/၂၀၂၀) ဖြင့် ရွေး ကောက်ပွဲ ကျင်းပမည့် ရက်ကို ထပ်မံထုတ်ပြန်ကြေညာခဲ့ပါ သည်။
.
ယင်း ထုတ်ပြန်ချက်များမှာ ကြေညာချက်အမှတ် (၁၁၁/ ၂၀၂၀) ဖြင့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များကို လည်းကောင်း၊ ကြေညာချက်အမှတ် (၁၁၂/၂၀၂၀) ဖြင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် များကို လည်းကောင်း၊ ကြေညာချက် အမှတ် (၁၁၃/ ၂၀၂၀) ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲ ဆန္ဒနယ် များကိုလည်းကောင်း၊ ကြေညာချက်အမှတ် (၁၁၄/ ၂၀၂၀) ဖြင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ်ပြည်နယ် လွှတ်တော်တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များကို လည်း ကောင်း သတ်မှတ်ကြေညာခဲ့ခြင်း ဖြစ်ပြီး ကြေညာချက်အမှတ် (၁၁၅/၂၀၂၀) ဖြင့် ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲ ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
.
ယင်း မတိုင်မီ ဇွန်လ ၂၇ ရက်က ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင် အနေဖြင့် နိုင်ငံရေး ပါတီများနှင့် ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် တွေ့ဆုံပွဲ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယင်း တွေ့ ဆုံမှုသည် အဓိကအားဖြင့် ပြည်ခိုင်ဖြိုး အပါအဝင် နိုင်ငံရေးပါတီ ပေါင်း ၃၀ ခုတို့က ကော်မရှင်နှင့် တွေ့ဆုံခွင့်ရရန် တင်ပြထား သည့် စာနှင့် ပတ်သက်၍ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး လက်မှတ်ရေး ထိုး တင်ပြခဲ့သည့် နိုင်ငံရေးပါတီ ၃၀ အပြင် အခြား နိုင်ငံရေးပါတီ များကိုလည်း ဖိတ်ကြား တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
.
တွေ့ဆုံမှုအပြီး နောက် ယခုကဲ့သို့ မဲဆန္ဒနယ်များကို သတ် မှတ်ကြေညာပြီးနောက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ထုတ် ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
.
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို  လက်ရှိဖြစ်ပေါ်နေသည့်  COVID-19 ရောဂါ ထိန်းချုပ်နိုင်မှု အပေါ် မူတည်ပြီး သတ်မှတ် ကြေညာပေးသွားမည် ဖြစ်ပါကြောင်း၊ ရွေး ကောက်ပွဲ လုပ်ငန်းစဉ်များအရ သက်ဆိုင်ရာ လွှတ်တော် အလိုက် မဲဆန္ဒနယ်များ သတ်မှတ် ကြေညာပြီးသည်နှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ် ကြေညာပေးမည် ဖြစ်ပါကြောင်း၊ ယနေ့ အထိ နိုင်ငံရေးပါတီ ၉၇ ပါတီ ရှိပြီဖြစ်ပြီး ၂၀၂၀ပြည့်နှစ် အ ထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဇွန်လ ၂၇ ရက်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ သည်။
.
၂၀၁၅ ခုနှစ်၊ ပြည်လုံးကျွတ် အထွေထွေရွေးကောက်ပွဲက မွေးထုတ်ပေးခဲ့သော လက်ရှိ ဒုတိယအကြိမ် လွှတ်တော် အသီး သီး၏ သက်တမ်းမှာလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်း သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။
.
လက်ရှိ ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသော COVID-19 ကပ် ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေအရ လူစုလူဝေးနှင့်ပြုလုပ် သည့် အခမ်းအနား၊ ပွဲလမ်းသဘင်များ၊ ဘာသာရေး အခမ်းအနား များ အပါအဝင် အားလုံးကို ကန့်သတ် ပိတ်ပင်ထားသည်မှာ လည်း ယနေ့တိုင် ဖြစ်သည်။
.
သို့ဖြစ်လေရာ ရွေးကောက်ပွဲ ကျင်းပမည့် အခြေအနေမှာ လည်း ကပ်ရောဂါဂယက် အကျိုးသက်ရောက်မှု အပေါ်တွင် များစွာ မှီတည်နေသည်ကို သတိပြုရန် လိုမည်ဖြစ်သည်။ နိုင်ငံ ရေးပါတီ များအတွက် မဲဆွယ်စည်းရုံးနိုင်ဖို့ အခွင့်အရေးနည်းပါး မည်ဖြစ်သလို အခြားသော ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူ ကော်မရှင် အဆင့်ဆင့်နှင့် ဌာနဆိုင်ရာများ၊ ရွေးကောက်ပွဲလေ့ လာ စောင့် ကြည့်သူများ၊ သတင်း မီဒီယာများ၊ ပြည်သူများအတွက် ယခု ရွေးကောက်ပွဲသည် စိန်ခေါ်မှု အသစ်အဆန်းများနှင့် မလွဲမသွေ ရင်ဆိုင်ရမည်သာ ဖြစ်သည်။
.
ထို့အပြင် ယခု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန် ကြေညာခဲ့သည့် မဲဆန္ဒနယ်စာရင်းများအရ ရှမ်းပြည် နယ်အတွင်း ရွေးကောက်ပွဲ တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသည့် “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ မြို့နယ် ၄ ခုနှင့် ရှမ်း ပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားမြို့နယ်တို့ ပါဝင် လာသည်ကို တွေ့ရသည်။
.
မိုင်းလားမြို့သည် ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအရ ကျိုင်းတုံ ခရိုင်အတွင်း ပါဝင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲများ မကျင်းပနိုင်သော မြို့ဖြစ်ကာ၊ မိုင်းလား မြို့ပေါ် တွင် ဟိုတယ် အလုံးပေါင်း ၁ဝဝ ခန့် တည်ရှိပြီး ဝန်းကျင်တွင် ရာဘာဧက တစ်သိန်းကျော် ထွက်ရှိသည့် ရာဘာများအား စက် ရုံကြီး ၈ ရုံမှ ကုန်ချောထုတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့နေလျက် ရှိသည့်အပြင် သတ္တုတွင်း၊ သတ္တုစက်ရုံ၊ ရေအားလျှပ်စစ် စက် ရုံအသေး ၂၈ ရုံနှင့် ၆၆ မီဂါဝပ် ထွက်သည့် စက်ရုံကြီး တစ်ရုံတို့ တည်ရှိကြောင်း သိရသည်။
.
ထို့အတူ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ ပန်ဆန်း မြို့နယ်များတွင်လည်း ၂၀၁၀နှင့် ၂၀၁၅ ရွေးကောက်ပွဲ ၂ ကြိမ်လုံး ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ယခု ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယင်းမြို့နယ်များ၌ ရွေး ကောက်ပွဲ ကျင်းပရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ မဲဆန္ဒနယ် ထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။
.
အထက်ပါ ၅ မြို့နယ်လုံးတွင် ပြည်လုံးကျွတ် အထွေထွေရွေး ကောက်ပွဲ မကျင်းပနိုင်ခဲ့ခြင်းမှာ ဌာနဆိုင်ရာ ဝန်ထမ်းများ မရှိခြင်း (ဝင်မရခြင်း) ကြောင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား အပါအဝင် အခြားသော ဌာနဆိုင်ရာ ရုံးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်း မရှိ သောကြောင့် ဖြစ်သည်ဟု သိထားရသည်။ လက်ရှိ ၂၀၂၀ ရွေး ကောက်ပွဲတွင် ယင်း မြို့နယ်အားလုံး၌ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင် ဆောင်ရွက်ခြင်းမှာ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရတို့အကြား ညှိနှိုင်းနားလည် သဘောတူညီချက် ရရှိပြီး ဖြစ်သောကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။
.


.
ထို့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဇွန်လ ၂၉ ရက် ထုတ်ပြန်ကြေညာချက်တွင် အမျိုးသားလွှတ်တော်ဆိုင် ရာ မဲဆန္ဒနယ် သတ်မှတ်မှုနှင့် ပတ်သက်၍ အပြောင်းအလဲ အ ချို့ ပြုလုပ်ထားသည်ကို မြင်တွေ့ရသည်။ ယခင်က ရှမ်းပြည် နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ၂ ခုမှ ၅ မြို့နယ် မပါ ကျန် ၆ မြို့နယ်ကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အ မှတ် (၁) အဖြစ် သတ်မှတ်ထား သော်လည်း ယခု ၂၀၂၀ ပြည့် နှစ် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲတွင် မြို့နယ်အ လိုက် အက္ခရာစဉ်ကာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် စဉ်များကို ပြောင်းလဲ ရေတွက်ထားသည်ကို တွေ့ရသည်။
.

အမျိုးသားလွှတ်တော် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁)တွင် ကျောက်မဲခရိုင်နှင့် မိုးမိတ်ခရိုင်၊ မဲဆန္ဒနယ် အမှတ် (၂)တွင် ကျိုင်းတုံခရိုင်၊ မဲဆန္ဒနယ် အမှတ် (၃)တွင် တာချီလိတ်ခရိုင်နှင့် မိုင်းဆတ်ခရိုင်၊ မဲဆန္ဒနယ် အမှတ် (၄)တွင် တောင်ကြီးခရိုင်၊ မဲ ဆန္ဒနယ် အမှတ် (၅)တွင် မူဆယ်ခရိုင်၊ မဲဆန္ဒနယ် အမှတ် (၆)တွင် လားရှိုးခရိုင်၊ မဲဆန္ဒနယ် အမှတ် (၇)တွင် လင်းခေးခရိုင်နှင့် လွိုင်လင်ခရိုင်၊ မဲဆန္ဒနယ် အမှတ် (၈) တွင် ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ မဲဆန္ဒနယ် အမှတ် (၉) တွင် ဓနု ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ်အမှတ် (၁၀)တွင် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ မဲဆန္ဒနယ် အမှတ် (၁၁)တွင် “ဝ” ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း၊ မဲဆန္ဒနယ် အမှတ် (၁၂)တွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတို့ ပါဝင်ကြောင်း ကော်မရှင်၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။
.
သို့သော် ယင်း အပြောင်းအလဲမှာလည်း သိသာ ထင်ရှား သည့် ပြောင်းလဲမှုတစ်ခုတော့ မဟုတ်ဘဲ အမှတ်စဉ် ပြောင်းလဲမှု မျိုးသာဖြစ်သည်။ အမျိုးသားလွှတ်တော်နှင့် ပတ်သက်၍ အငြင်း ပွားဖွယ်ရာ အနည်းငယ် ရှိနေသေးသည်။
.
လူမျိုးစု (တိုင်းရင်းသား) များကို ကိုယ်စားပြုသည့်တစ်နည်း အားဖြင့် တိုင်းရင်းသားများကို အခြေခံသည့် ယင်း အမျိုးသား လွှတ်တော်၏ ဖွဲ့စည်းပါဝင်မှု အချိုးအစားမှာ ဖက်ဒရယ်ဒီမိုကရေ စီနှင့် လားလားကြီး ဆန့်ကျင်ကာ အနှစ်သာရအားဖြင့် လူမျိုးစု အပေါ် အခြေမခံဘဲ နယ်မြေဒေသအပေါ်တွင် အခြေခံနေသလို မညီမျှမှုများကိုလည်း တွေ့နေရသည်။
.
မြန်မာနိုင်ငံတွင် အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးကြီး ၈ မျိုး (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း) ရှိ သည့်အနက် ကျန်တိုင်းရင်းသားများက ၁ ပြည်နယ်စီအားဖြင့် ၇ ပြည်နယ် ရရှိပြီး ဗမာတိုင်းရင်းသားက တစ်မျိုးတည်း ၇ တိုင်း (၇ ပြည်နယ်) ရရှိနေသည်။ သို့အတွက် ယင်းအမျိုးသားလွှတ် တော်တွင် ဗမာတစ်ကျပ် ရှမ်းတစ်ကျပ်၊ ကချင်တစ်ကျပ် ရှမ်း တစ်ကျပ် စသည်ဖြင့် ဗမာက ၇ ကျပ် အပြည့်အဝရယူထားသည်။
.
တစ်ဖန် ထပ်မံလေ့လာပါက ရှမ်းပြည်နယ်အတွင်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ဒေသ ၅ ခု ရရှိထားရာ ယင်း တို့အတွက် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၅ နေရာ ပေးထားရသဖြင့် ရှမ်းလူမျိုးစုအတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ နေရာသာ ရရှိထားသည်။
.
ဗမာတိုင်းရင်းသား တိုင်းဒေသကြီး ၇ ခု (ပြည်နယ် ၇ ခု) အ တွက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၁၂ ဦး X ၇ တိုင်း) ၈၄ ဦး ရရှိထားချိန်တွင် ရှမ်းတိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၇ ဦးသာ ရရှိထားသည်။ သို့ဖြစ်လေရာ အမျိုး သားလွှတ်တော်တွင် တိုင်းရင်းသား တစ်မျိုးချင်းစီအတွက် ကိုယ် စားပြုမှုမှာ များစွာ အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။
.
ထို့အပြင် နယ်မြေဒေသနှင့် လူဦးရေကို အခြေမခံသော်လည်း လက်ရှိ ပကတိတရားကို ပြန်ကြည့် ပါက လက်ရှိ ထုတ်ပြန်ချက်ပါ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၇) ဖြစ် သော လွိုင်လင်ခရိုင်နှင့် လင်းခေးခရိုင်ပေါင်း ၁၁ မြို့နယ်တွင် အ မျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ ရရှိ ထားသည်။ အခြား တစ်ဘက်တွင် နမ့်ဆန်နှင့် မန်တုံမြို့နယ်တို့ကို စုပေါင်း ထားသော ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယနှင့် ရွာငံမြို့နယ်တို့ကို စုပေါင်းထားသော ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လောက်ကိုင်နှင့် ကုန်းကြမ်းမြို့နယ်တို့ကို ပေါင်းစည်း ထားသော ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့က အမျိုး သားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးစီ ရရှိထားသည်။
.
အလားတူ ကယားပြည်နယ်တွင် မြို့နယ် ၇ ခုသာ ရှိရာ ဖား ဆောင်း၊ ဘောလခဲ၊ ဒီမော့ဆို၊ ဖရူဆိုနှင့် လွိုင်ကော် မြို့နယ်များ က တစ်မြို့နယ်လျှင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂ ဦးစီ ရရှိထားပြီး မယ်စဲနှင့် ရှားတောမြို့နယ်များက အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ၁ ဦးစီ ရရှိထားသည်။
.
လက်ရှိ အချိန်အထိ သတ်မှတ်ထားသော တိုင်းရင်းသား ၁၃၅ မျိုးအနက် ကချင် ၁၂ မျိုး၊ ကယား ၉ မျိုး၊ ကရင် ၁၁ မျိုး၊ ချင်း ၅၃ မျိုး၊ ဗမာ ၉ မျိုး၊ မွန် ၁ မျိုး၊ ရခိုင် ၇ မျိုး၊ ရှမ်း ၃၃ မျိုး ရှိရာ ယင်း ၁၃၅ မျိုးလုံး ပါဝင်ရမည်ဟု မဆိုလိုသော်လည်း အားလုံး အချိုး ကျ ပါဝင်နိုင်ရေးမှာ အရေးပါသည့် အချက်တစ်ခု ဖြစ်နေသည်။ လက်ရှိ အမျိုးသားလွှတ်တော် (လူမျိုးစုလွှတ်တော်)၏ မဲဆန္ဒ နယ် ခွဲဝေမှု အပိုင်းမှာ လူမျိုးစုအပေါ်တွင် အခြေမခံဘဲ ပထဝီဝင် အနေအထားပေါ်တွင် အခြေခံနေသည်ကို အားလုံး အသိပင် ဖြစ် သည်။
.
ဆိုလိုသည်မှာ လက်ရှိ ပြဌာန်းချက်၊ ဥပဒေများသည် တိုင်း ရင်းသား လူမျိုးများအရေး၊ ဖက်ဒရယ် အရေးကို ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်နေသည်ကို တွေ့ရမည် ဖြစ်သည်။
.
ထို့အပြင် ပုဒ်မ ၂၆၁ ကဲ့သို့သော ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ခန့်အပ်ထားရေးဆိုင်ရာ ကိစ္စရပ်များကလည်း ဒေသခံ တိုင်းရင်းသား ပြည်သူတို့၏ ဆန္ဒနှင့် ကွဲလွဲမှုများ ရှိနေသည်။ ယင်း ပုဒ်မ ၂၆၁ ကို ပြည်မ နိုင်ငံရေး ပါတီကြီးများက နိုင်ငံရေး ကစားကွက်အဖြစ် အသုံးပြု ကစားနေကြသော်လည်း တကယ့် မြေပြင် အမှန်တရားမှာ ဒေသခံပြည်သူတို့၏ ဆန္ဒနှင့် ဆန့်ကျင် နေဆဲ ဖြစ်သည်။
.
အမှန်တကယ် ဖက်ဒရယ်ကို သွားနိုင်ဖို့ရာ ခြေလှမ်းတွေ အများကြီး လိုအပ်နေဆဲ ဖြစ်သည်။
.
ယခင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ လက်ရှိ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ် အောင်မြတ်က “ရှမ်းပြည်နယ်မှာတော့ အုပ်ချုပ်ရေးပိုင်းကော ဥပဒေပြုရေးပိုင်းကော အကောင်းဆုံး ဖြစ်အောင် ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုယ့်ဟာကို အားရတာမျိုး မရှိသေး ပါဘူး။ ပြည်နယ်ကြီး ဖွံ့ဖြိုးဖို့ ဆိုတာကတော့ ဖက်ဒရယ်ပါပဲ။ Budget Sharing ကအစ Power Sharing နဲ့ Resources Sharing ဆိုပြီး အခွင့်အာဏာကို ဘယ်လို ခွဲဝေပေးမှာလဲ၊ ကျွန် တော်တို့ရဲ့ ရင်းမြစ်တွေကို ဘယ်လို စီမံခန့်ခွဲခွင့် ပေးမှာလဲ ဆိုတာ ဖက်ဒရယ်ရဲ့ အဓိက လိုအပ်ချက်ပေါ့။ နောက်ပြီး ပြည်နယ် အစိုးရကို ပြည်နယ်လွှတ်တော်က ရွေးတာ ပိုပြီးတော့ အဆင်ပြေ တာပေါ့” ဟု ပြောဆိုထားသည်။
.
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ပြဌာန်းချက်အရ ပြည် ထောင်စု ဥပဒေပြုစာရင်း ဇယား (၂)တွင် အချက် ၁၁ ချက် ဖော် ပြထားပြီး တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း တွင် အချက် ၈ ချက်ကို ဖော်ပြထားသော်လည်း စီမံခန့်ခွဲရေးဆိုင် ရာကိစ္စ အများစုတွင် ဗဟိုချုပ်ကိုင်မှုကို အသားပေးသည့် ပြဌာန်း ဖော်ပြချက်မျိုးကိုသာ တွေ့မြင်နေရသည်။
.
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရများအဖို့ မပြော ပလောက်သည့် စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စအချို့ကိုသာ ရယူထား ရသည်။ ဗဟိုခွာဝါဒ (Decentralization) မူအရ ပြည်ထောင်စု အစိုးရများသည် သက်ဆိုင်ရာ ပြည်နယ် အစိုးရများသို့ အာဏာ လွှဲအပ်ပြီး အကြွင်းအကျန် အာဏာများကိုသာ ရယူရမည် ဖြစ် သော်လည်း လက်ရှိ ၂၀၀၈ ၏ ပြဌာန်းချက်မှာ ဗဟိုအစိုးရက အလုံးစုံ ချုပ်ကိုင်ပြီး ပြည်နယ် (တိုင်းဒေသကြီး) အစိုးရများသို့ အကြွင်းအကျန် အာဏာ လက်ဝေခွဲပေးသည့် ပုံစံမျိုး သဘော သက်ရောက်နေသည်။
.
ပြည်ထောင်စု မြန်မာနိုင်ငံသည် ၁၃၅ မျိုးသော တိုင်းရင်း သားတို့ အခြေစိုက် နေထိုင်ရာ နိုင်ငံတစ်ခု ဖြစ်သလို လူမျိုးရေး၊ တိုင်းရင်းသားရေး ပြဿနာများ ရှုပ်ထွေး နက်နဲမှုများ ရှိနေ သည်။ ၁၃၅ မျိုး မကသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများလည်း အခြေချ လှုပ်ရှားနေလျက်ရှိသည်။
.
အမှန်တကယ် ပြည်တွင်းငြိမ်းချမ်းရေး ထာဝရတည်ဆောက် ရေးအတွက်မှာ ယင်း တိုင်းရင်းသားများ အားလုံးနှင့် ချစ်ကြည် ရင်းနှီးသော၊ နွေးထွေးမှုရှိသော ထာဝရ ဆက်ဆံရေးကို တည် ဆောက်ရန် လိုမည်သာ ဖြစ်ပါသည်။
.
မကြာသေးမီ ရက်ပိုင်းဆီကပင် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအချို့၌ တစ်နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက် မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော ရှမ်းတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် RCSS/SSA နှင့် တပ်မတော်တို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်း များအရ ကြားသိလာနေရသည်။
.
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖက် ဒရယ် တပ်မတော်သည်လည်း လိုအပ်မည် ဖြစ်သလို ယင်းဖက်ဒ ရယ် တပ်မတော် ပေါ်ပေါက်လာရေးအတွက် အားလုံး ဝိုင်းဝန်း အဖြေရှာကြရမည့် အချိန်သည်လည်း ဖြစ်ပါသည်။
.
တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးအတွက် အဓိ က အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း အားလုံးသည် တပ်မတော် ၏ ကွပ်ကဲမှု အောက်တွင် ရှိရမည် ဟူသော ၂၀၀၈ ၏ ပေးထား ချက်များကိုလည်း ကျော်ဖြတ်ရဲရန် လိုအပ်ပါသည်။
.
နှစ်ပေါင်း ၇၀ ကျော်ကြာ ဖြတ်သန်းခဲ့သည့် ပြည်တွင်းစစ်၏ သမိုင်းဆိုးက ယင်း အဖြေကို ကောင်းစွာ ဖော်ထုတ်ပေးနိုင်မည် ဟုမျှော်လင့်ပါသည်။ လိုအပ်ချက်တွေ များစွာ ရှိနေသော၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ မပြင်ဆင်နိုင်မီ ကာလအတွင်း ယင်းဥပ ဒေအောက်မှ လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက် ရေး၊ လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အောင် မြင်အောင် ကျင်းပနိုင်ရေးတို့သည် ကျွန်ုပ်တို့၏ ဘုံရည်မှန်းချက် များ ဖြစ်သည့်နည်းတူ ယင်း ဘုံရည်မှန်းချက်များကို အောင်မြင် အောင် ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ ပြည်မ၊ တိုင်းရင်းသား မခွဲခြားဘဲ အားလုံးပြိုင်တူ ညီတူ တွန်းရွှေ့နိုင်ရပါတော့မည်။ ။

No comments:

Post a Comment

Journal Download

Photo of three cats

About