မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ကျောက်မဲခရိုင်၊ ဟဲကွီကျေးရွာအုပ်စုအတွင်း ဇွန်လ ၂၇ ရက်နှင့် ၂၈ ရက်က တပ်မတော်နှင့်
RCSS
တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာတွင် လက်လွှတ်စပယ် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိခဲ့မှုများအပေါ် စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲရှိ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးက လက်မှတ်ရေးထိုး၍
အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ ဇူလိုင်လ၂ ရက်က မေတ္တာရပ်ခံစာ
ပေးပို့၍ တောင်းဆိုထားကြောင်း သိရသည်။
.
“ နောင်ပိန် တိုက်ပွဲရှောင်
စခန်းကို ရောက်ပြီး ဒေသခံတွေကို မေးမြန်းတဲ့အခါ သူတို့ ပြောတာက သေနတ် ပစ်ခံရလို့ သေသွားတဲ့
လုံးဆုက တပ်တွေ ဝင် ပစ်လာတာကို ကြောက်လို့ ဆောက်လုပ်ဆဲ မူလတန်းကျောင်း ဆရာများ နားနေခန်းထဲ
ဝင်အပြေးမှာ ပစ်ခံရတယ်လို့ သိရတယ်။ ဒေါ်နန်းဆိုင်လည်း တင်ပါး အထက် မှန်တယ်။ ဒါတင် မကသေးဘူး ပန်လော့ဘက်မှာ
လုံးမောင်ကို လမ်းပြဖို့ ခေါ်သွားပြီး ရိုက်နှက်ထားခဲ့တာ လမ်းမှာ လဲနေတာကို ဦးဇင်း
တစ်ပါးက တွေ့လို့ ကျောက်မဲဆေးရုံကို ပို့ရတဲ့ ဖြစ်စဉ်တွေကိုပါသိခဲ့ရတယ်။” ဟု ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
စိုင်းထွန်းအောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ဖြစ်စဉ်များကို လွှတ်တော်ကိုယ်စားလှယ် ၄ ဦး မှ သွားရောက် စုံစမ်းမေးမြန်းရာတွင်
အစိုးရ စစ်ကြောင်းများက ရွာအတွင်း ဝင်လာချိန်တွင် ရွာသားအချို့မှာ ကြောက်လန့်၍ တိမ်းရှောင်နေသည်ကို တပ်မတော်မှ လက်လွှတ်စပယ် အနီးကပ် ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံး/ဒဏ်ရာ
ရရှိခဲ့ခြင်း ဖြစ်သည်ကို သိရသည်ဟု ၎င်းက ဆက်လက်
ပြောကြားခဲ့သည်။
.
ယင်းကဲ့သို့ လက်လွှတ်စပယ် ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံး/ဒဏ်ရာ ရရှိခဲ့မှုအပေါ် လူ့အခွင့်အရေး ကော်မရှင်မှ စုံစမ်း
စစ်ဆေးပေးရန်အတွက် မေတ္တာရပ်ခံစာကို ရှမ်းပြည်နယ်
မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းအုန်းကျော်၊
ကျောက်မဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းအောင်၊ ရှမ်းပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည့် ကျောက်မဲမြို့နယ် မဲဆန္ဒအမှတ်(၁)မှ
စိုင်းထွန်းဝင်း၊ ကျောက်မဲမြို့နယ် မဲဆန္ဒအမှတ်(၂)မှ စိုင်းထွန်းဉာဏ်တို့ ၄ ဦးက လက်မှတ်ရေးထိုး၍ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဇွန်လ
၂၆ ရက်က ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာ၌ RCSS
မှ ပြုလုပ်သည့် မူးယစ်ဆေးဝါး မီးရှို့ ဖျက်ဆီးပွဲနှင့် ဆက်စပ်ကာ တပ်မတော်နှင့် RCSS တို့ စစ်ရေးတင်းမာမှုများ ဖြစ်ပွား၍ ပစ်ခတ်မှုများကြောင့် အမျိုးသား ၁ ဦး သေဆုံးကာ၊ ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment