ကျောက်မဲ ဆန္ဒဖော်ထုတ်မှုအား တရားစွဲမည်ဟု ထုတ်ပြန်ခြင်းအား ရှုံ့ချကြောင်း အဖွဲ့အစည်း ၁၄၉ ခုက ကြေညာချက် ထုတ်ပြန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 12, 2020

ကျောက်မဲ ဆန္ဒဖော်ထုတ်မှုအား တရားစွဲမည်ဟု ထုတ်ပြန်ခြင်းအား ရှုံ့ချကြောင်း အဖွဲ့အစည်း ၁၄၉ ခုက ကြေညာချက် ထုတ်ပြန်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင်  ဒေသခံပြည်သူ အင်အား ၂၀၀၀၀ ကျော်ဖြင့် ဇူလိုင်လ ၁၀ ရက်က ဆန္ဒ ထုတ်ဖော်မှုကြောင့် ဦးဆောင်သူ ၃ ဦးအား အရေးယူ တရားစွဲသွားမည်ကို တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ခဲ့မှုအပေါ် ပြင်းထန်စွာ ရှုံ့ချကြောင်း ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်း အပါအဝင် အဖွဲ့အစည်း ၁၄၉ ခုက ဇူလိုင်လ ၁၂ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
.
“ ရည်ရွယ်ချက်က အစိုးရက ပြည်သူလူထုကို အကာအကွယ် ပေးဖို့၊ စစ်တပ်က စစ်ကျင့်ဝတ်၊ တိုက်ပွဲအတွင်း လိုက်နာရမည့် ဥပဒေသ၊ NCA ကို လိုက်နာဖို့၊ ဥပဒေ ချိုးဖောက်သူ၊ ကျင့်ဝတ် ချိုးဖောက်သူ၊ လူ့အခွင့်အရေး ကျူးလွန်သူတွေကို အရေးယူပေးဖို့၊ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်း၊ ၂၀၀၈ ခြေဥက နိုင်ငံသား အခွင့်အရေးအရ ဆန္ဒပြ ဦးဆောင်သူတွေကို တရားမစွဲဖို့ အဖွဲ့အစည်းတွေ အမြင် တူစွာနဲ့ ထုတ်ပြန် ကြေညာရခြင်း ဖြစ်ပါတယ်။” ဟု ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ တရားလွှတ်တော်ရှေ့ နန်းဝါနုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ ထုတ်ပြန်ချက်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာ အချို့အား အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရှမ်းအမျိုးသား တစ်ဦးအား အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ရွာသားများအား ဖမ်းဆီး ခေါ်ဆောင်ကာ ရိုက်နှက်ခြင်း၊ အမျိုးသမီး တစ်ဦးအား ဒဏ်ရာ ရရှိအောင် ပစ်ခတ်ခြင်း စသည်တို့ကြောင့် ကျောက်မဲမြို့နယ် ပြည်သူများမှ အစိုးရစစ်တပ်၏ မတရားလုပ်ဆောင်မှုအား စီတန်း လှည့်လည်ခွင့်ကို ဇူလိုင်လ ၉ ရက်က တင်ပြ သော်လည်း ခွင့် မပြုသဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဖော်ပြ ပါရှိသည်။
.
ဦးဆောင်သူ ၃ ဦးကို တရားစွဲရန် အမှုဖွင့် အရေးယူမည်ဖြစ်ရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနှင့်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးအရ ၄င်းတို့၏ ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုပြီး လက်နက် မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်တို့ ပြုလုပ်ခြင်း ဖြစ်သည့့်အတွက် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခြင်း အပေါ် အပြည့်အဝ ထောက်ခံကြောင်း၊ စစ်တပ်မှ ပြန်လည် တရားစွဲဆိုမည်ဟု ထုတ်ပြန်ခြင်းအပေါ်ကိုလည်း ပြင်းထန်စွာ ရှုံ့ချကြောင်း ဖော်ပြထားသည်။
.
ထို့အတူ ပြည်ထောင်စုအစိုးရနှင့် ရှမ်းပြည်နယ်အစိုးရက ပြည်သူလူထုအား ထိရောက်စွာ ကာကွယ်ပေးရန်၊ စစ်တပ်မှ ထိတွေ့ တိုက်ပွဲအတွင်း လိုက်နာရမည့် စည်းမျဉ်းဥပဒေသကို ချိုးဖောက်ကာ စစ်ကျင့်ဝတ် မလိုက်နာသည်ကို ဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူပေးရန်၊  ငြိမ်းစုစီ ဥပဒေကဲ့သို့သော မတရားသည့် ဥပဒေမှန်သမျှကို လျင်မြန်စွာ ပြင်ဆင် ပယ်ဖျက်ပေးရန်နှင့် ဆန္ဒပြ ဦးဆောင်သူများကို တရားစွဲဆိုမှု မပြုရန်ဟုလည်း ဖော်ပြထားသည်။
.
ယင်းကဲ့သို့ ဆန္ဒဖော်ထုတ်မှုအား ဦးဆောင်ခဲ့သူများကို အရေးယူမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်ပြီးနောက် နမ့်ဟန်ခေးကျေးရွာမှ ဆရာတော် ဦးဇောတိက၊ ဦးအာလိယျနှင့် ဟဲကွီကျေးရွာမှ စိုင်းသန်းမောင်တို့ကို ကျောက်မဲမြို့မရဲစခန်းတွင် ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေ၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
.
#KBZTai #Shan #News #MinZawMin
.

No comments:

Post a Comment

Journal Download

Photo of three cats

About