မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊
တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ဒေသ၊ သလဲဦးကျေးရွာရှိ နမ့်လီ ရေထွက်အနီးတွင်
ဆင်စခန်း တည်ဆောက်မည့်ကိစ္စနှင့် ပတ်သက်၍ ယင်းရေထွက်အနီး နေထိုင်သည့် ဒေသခံ ကျေးရွာသားများက
အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။
.
“တစ်ခါမှ မကြားဖူးဘူး။ မအပ်စပ်တဲ့ တိရစ္ဆာန်မွေးမြူမှုက
ပတ်ဝန်းကျင်လူမှုဘဝတွေကို ထိခိုက်မှာပါ။ ရဟန်းရှင်လူ ကျေးရွာ ပြည်သူတွေက စိုးရိမ်နေကြတယ်။
ပြီးတော့ လွန်ခဲ့တဲ့ နှစ်တွေကတည်းက ကန်ဘဲ့ကျေးရွာမှာ ကျွဲတွေ၊ ဝက်တွေ အညစ်အကြေးက ရေတွင်းထဲ
ရောက်ပြီး အသည်းရောင် ဘီပိုး၊ စီပိုးတွေ ဖြစ်ကုန်ကြတယ်။ ဒီလိုပဲ ဆင်စခန်းက အညစ်အကြေးတွေက
ပတ်ဝန်းကျင် လူမှုဘဝတွေ၊ စိုက်ပျိုးနေတဲ့ စိုက်ကွင်းတွေ၊ ရွာတွေကို ထိခိုက်မှာ စိုးရိမ်လို့
ကန့်ကွက်ရခြင်း ဖြစ်ပါတယ်”ဟု ကန့်ကွက်စာ တင်ပြထားသူ တစ်ဦး ဖြစ်သော ညောင်ရွှေမြို့နယ်၊ သလဲဦးကျေးရွာနေ
ဦးခင်မောင်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ ကန့်ကွက်စာတွင် နမ့်လီ ရေထွက်အနီး ဆင်စခန်းနှင့်
အခြားလုပ်ငန်းများ ဆောင်ရွက်ပါက ပတ်ဝန်းကျင် စိမ်းလန်း စိုပြည်ရေးကို ထိခိုက်စေနိုင်ခြင်း၊
စွန့်ပစ်ရေဆိုး ရေညစ်များမှ သောက်သုံးသူ လူအများ ကျန်းမာရေး ထိခိုက်မှုများ ရင်ဆိုင်ရခြင်း၊
စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဆေးပေးခန်းနှင့် စိုက်ပျိုးရေး တို့အတွက် ရေလုံလောက်မှု
ထိခိုက်လာနိုင်ခြင်းများကြောင့် ဆင်စခန်း ဆောင်ရွက်နေမှုအား ရပ်ဆိုင်းပေးရန် မေတ္တာရပ်ခံ
ပါသည်ဟု ဖော်ပြပါရှိသည်။
.
ယင်းသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည့် ရေဝေရေလဲ အကျိုးဆောင်
ကော်မတီတွင် သလဲဦး ကျေးရွာအ ပြင် ကုန်းခြံအောက်၊ ကုန်းခြံအထက် ကျေးရွာ၊ အလယ်မြောင်ကျေးရွာ၊
သစ်ဆိမ့်ပင်ကျေးရွာများမှ ကိုယ်စားလှယ်များ ပါဝင်ပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့်
အင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များထံ ကန့်ကွက်စာ
ပေးပို့ထားခြင်း ဖြစ်သည်ဟု သိရသည်။
.
ဆင်စခန်း ပြုလုပ်မည့် နမ့်လီ ရေထွက်ဦး ရေဝေရေလဲဒေသသည်
နွေစပါး ၅၀၀ ဧက၊ မိုးစပါး ဧက ၈၀၀၊ ကြက်သွန်ဖြူ ဧက ၂၀၀၊ ကြက်သွန်မြိတ် ဧက ၅၀ အပြင် အခြားဟင်းသီးဟင်းရွက်
ဧက ၅၀ ကို အဓိက စိုက်ပျိုးကြခြင်း ဖြစ်ကြောင်း သိရ သည်။
.
“စာ ရောက်လာပြီး စုံစမ်းမှ ဆင်စခန်းလုပ်မယ့်
ဒေသခံတွေနဲ့ တွေ့ရတယ်။ ဆရာတော်တွေနဲ့ လူထုကို လွှတ်တော် ကိုယ်စားလှယ်တွေ ရှေ့မှာ လုပ်ငန်းစဉ်တွေ
သေချာ ရှင်းပြဖို့ ပြောလိုက်တယ်။ လူထုနဲ့ ဒေသဖွံ့ဖြိုးမှုကို ထိခိုက်မယ်၊ သဘာဝပတ်ဝန်းကျင်ကို
ထိခိုက်မယ်ဆိုရင်တော့ သဘောထားမှတ်ချက် မပေးနိုင်ဘူး” ဟု ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးနေမျိုးက ပြောသည်။
.
အဆိုပါ ဆင်စခန်း အခြေပြုဒေသ ခရီးသွားလုပ်ငန်း (ECBT)ကို ညောင်ရွှေဒေသခံများဖြင့်
ဖွဲ့စည်း ထားသည့် Pentagon Inlay ကုမ္ပဏီမှ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး COVID-19 ကာလအတွင်း ဖြစ်နေ၍ လူထုနှင့်
တွေ့ဆုံ တင်ပြခွင့် မရသေးသည့်အတွက် ဆရာတော်များထံ ဖူးတွေ့ကာ သြဝါဒ ခံယူ၍ သတ်မှတ်သည့်
ရက်တွင် အားလုံးသို့ လျှောက်ထားတင်ပြ တောင်းပန်သွားမည်ဟု ယင်းကုမ္ပဏီမှ ဒါရိုက်တာ ဦးထက်နိုင်ဦးထံက
သိရသည်။
.
“ကျွန်တော်တို့ ဒေသကို ဖွံ့ဖြိုး တိုးတက်
စေချင်ပါတယ်။ အလုပ်အကိုင်တွေလည်း ရစေချင်ပါတယ်။ အားလုံးကို တောင်းပန်ပြီး လုပ်ငန်းစဉ်
တစ်ခုလုံးနဲ့ ပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် လုပ်ဆောင်နေပါတယ် ဆိုတာ သတ်မှတ်ရက်
ရရင် တွေ့ဆုံ ရှင်းပြသွားမှာ ဖြစ်ပါတယ်”ဟု ဦး ထက်နိုင်ဦးက ပြောသည်။
.
ကုမ္ပဏီ အနေဖြင့် သက်တမ်းပြည့် ၅၅ နှစ်အထက် ဆင်ကြီးများကို
ကျွေးမွေး စောင့်ရှောက်သွားရန် ရှိနေပြီး သဘာဝ ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်
မထိခိုက်စေရေးအတွက် အစီအမံများ လုပ်ဆောင်ထားရှိကြောင်းနှင့် ယင်း လုပ်ငန်း၏ ၅၀ ရာခိုင်နှုန်း
လုပ်ဆောင်ထားရှိပြီး ကိုဗစ်ကာလ ဖြစ်ခြင်းကြောင့် ကျန်းမာရေး ညွှန်ကြားချက်အရ လူထုနှင့် တွေ့ဆုံပွဲ လုပ်ဆောင်နိုင်ခြင်း
မရှိသေးသည့်အတွက် လူထုသို့ တောင်းပန်ပါကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
No comments:
Post a Comment