မွေးနေ့ ရက်မြတ် လရက် နေ့ထပ်လျှင် - Kanbawza Tai News

Breaking

Monday, July 20, 2020

မွေးနေ့ ရက်မြတ် လရက် နေ့ထပ်လျှင်


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
သက်ရှိသတ္တဝါတိုင်း မွေးဖွားလာရခြင်း ဖြစ်သဖြင့် မွေးနေ့ သည် ရှိစမြဲပါ။ သတ္တဝါတိုင်းဟု ဗဟုဝုစ်သုံးလိုက်မိ၍ လုံးဝဥဿုံ အခါ ခပ်သိမ်း၌ စောဒက တက်သူအား ရာနှုန်းပြည့် မမှန်ကန်နိုင် သည်ကို လက်ခံပါသည်ဟု ပြန်ပြောပြရုံမှ တစ်ပါး အခြားမရှိပြီ။ အဘယ်ကြောင့်ဆိုသော် ပဋိသန္ဓေယူပုံနည်းများစွာ ရှိနေ၍ ဖြစ် ပါသည်။ စာပေများ၌ လာရှိသည့် ပဋိသန္ဓေလေးမျိုးကို ဆရာကြီး ဒါရိုက်တာ ဘဘဦးသုခ၏ သုခမှတ်စု၌ ဤသို့ လေးပါးစုကဏ္ဍ တွင် ဖော်ပြထား၏။
.
ပဋိသန္ဓေလေးမျိုး
ဒဏ္ဍဇ = ဥ၌ တည်၍ ဖြစ်သော သန္ဓေ။
သံသေဒဇ = သစ်ရွက်သစ်ပွင့်တို့၌ ဖြစ်သော သန္ဓေ။
ဇယာဗုဇ = အမိဝမ်း၌ ကလလရေကြည်တည်၍ဖြစ်သော သန္ဓေ။
ဩပပါတိက = မွေးဖွားခြင်း မရှိ နတ်ဗြဟ္မာတို့ကဲ့သို့ ကိုယ်ထင် ဖြစ်လာသော သန္ဓေ။
.
မျက်မှောက် လူ့လောက၌ အဓိက မြင်တွေ့နေရသော ပဋိ သန္ဓေမှာ ဇလာဗုဇဟူ၍ ပါဠိဝေါဟာရ အခြေခံရှိနေသည့် အမိ ဝမ်း၌ ကလလရေကြည် တည်၍ဖြစ်သော သန္ဓေအမျိုးအစားဖြစ် ပါသည်။ ကျွန်တော်တို့ မနူဿလူသားတိုင်းသည် မိခင်၏ ဝမ်း ဗိုက်၌ ပဋိသန္ဓေယူပြီး ၁၀ လ ဝန်းကျင် အချိန်ယူကာ တဖြည်း ဖြည်း ကြီးထွားလာရခြင်း ဖြစ်၏။ အကြမ်းအားဖြင့် မိန်းကလေး ဖြစ်မည့်သူသည် ယောက်ျားလေးဖြစ်မည့်သူထက် သန္ဓေနေချိန် လျော့နည်းတတ်သည်။ ၉ လကျော်ဖြင့် မွေးလာတတ်သည်။ ယောက်ျားလေးဖြစ်မည့်သူကား ၁၀ လ တင်းတင်းပြည့် သို့မ ဟုတ် ရက် အနည်းငယ် အစွန်းထွက်ပြီးမှ မွေးဖွားလာတတ်၏။ ဤသို့ မှတ်သားပြီး ပြောလေ့ပြောထ ရှိခြင်းမှာ ယေဘုယျမျှသာ ဖြစ်၏။ လူ့သန္ဓေသား အားလုံး ရက်တစ်မျိုးတစ်စားတည်း ထပ် တူထပ်မျှ တိတိကျကျ မွေးဖွားကြသည် မဟုတ်ပါ။ ၁၀ လကို ကျော်လွန်လာလျှင် သားယောကျာ်းလေး ဖြစ်လိမ့်မည်ဟု ဆန္ဒ ရှိသည့်အတိုင်း မျှော်လင့်ခြင်း သက်သက်မျှပါ။ မွေးဖွားလာချိန် မှာ "သားလေးတော့"ဟု အရပ်လက်သည်က မွေးဖွားခန်းမှ နေ ၍ တောင့်တမျှော်လင့်နေသူ ခင်ပွန်းနှင့် တကွ ဆွေမျိုးများ သိရှိ ဝမ်းသာရန် အသံကျယ်ကျယ် သတင်းအော်ပြောသောအခါမှ သေချာပေါက် ဖြစ်သွားကာ မျက်နှာဝင်းထိန် ရွှင်ပြုံးနိုင်ကြခြင်း ဖြစ်၏။ ဖခင်လောင်းတို့သည် သားဦးယောက်ျား ဆိုသည်နှင့် လက်ခမောင်းထခတ် ဖြစ်လိုက်ကြသည်မှာ အိမ်ပြိုလုမတတ်ကြုံ ဖူးကြပါလိမ့်မည်။ သန္ဓေတည်စဦးမှာပင် သာသနာ့ အမွေခံ ရှင် မွေ့ရှင်ဖ ဖြစ်ဖို့ သားယောက်ျားလေး ဖြစ်ပါစေဟု ကြိတ်ဆု တောင်းလာခဲ့ရသည်လေ။ ခုတော့ သေချာပေါက် သားတစ် ယောက် ဖခင် ဖြစ်ပြီ။ ရှင်ဖ(အင်းအခေါ် ကိုရင်ခမည်းတော်)ဖြစ် တော့မည်။
.
အာထရာဆောင်း
လွန်ခဲ့သော နှစ် ၄၀ ကျော် ကျွန်တော့်သားဦး အတွက် လူ ကြီးသူမများ အကဲခတ်ပုံကို တင်ပြချင်ပါ၏။ မိခင်လောင်း အိပ် မက်မှ အင်းဓလေ့အားဖြင့် ငါးရံ့မက်လျှင် ယောက်ျားလေး မွေး လိမ့်မည်။ ငါးဖိန်း ငါးဖယ် မြင်မက်လျှင် မိန်းကလေး မွေးလိမ့် မည်။ သစ်သီးမြင်မက်လျှင် သား၊ ပန်းမြင်မက်လျှင် သမီး၊ ကိုယ် ဝန်ဆောင်၊ မိခင်ပေါ့ပါး သွက်လက်လျှင် သား၊ လေးလံလျှင် သ မီး၊ မျက်နှာရင့်(အိုစာ) လျှင် သား၊ မျက်နှာနုပွင့်လန်းဆန်းလျှင် သမီးဟု ခွဲခြား မှတ်သားနိမိတ် ဖတ်ကြ၏။ ခြေလှမ်းပုံကိုလည်း လေ့လာပြီး ဆုံးဖြတ်ကြသေးသည်။ ညာခြေထောက်မှ စတင် လှမ်းလျှင်သား၊ ဘယ်ခြေထောက်မှ စတင်လှမ်းလျှင် သမီး ဟူသ တည်း။ တည့်မှန်သည်လည်း ရှိ၏။ လွဲမှားသည်လည်း ရှိ၏။ မှန် ကန်လာတတ်သည်က များပါသည်။ လူကြီးတွေ ဘဝအတွေ့အ ကြုံအရ ဖြစ်ဖန်ကြုံဖန်များလာသော အချက်များကို ပုံသေစွဲ၍ ပြောကြနိမိတ် ဖတ်ကြခြင်း ဖြစ်၏။ ထိုစဉ်ကာလတုန်းက အာ ထ ရာဆောင်း စက်ကိရိယာ မပေါ်သေး၍ ကြိုတင်အာထရာဆောင်း ဓာတ်ပုံရိုက်ကြည့်ခြင်း ဓလေ့ မရှိသေးပါ။ စက်ပေါ်ဦး ပေါ်ဖျားမှာ အံ့ဩဖွယ်ကို ဖြစ်ရော။ စက်ဆိုသည့် အတိုင်း အမှားအယွင်း အ နည်းငယ်တော့ ရှိတတ်စမြဲအတိုင်း ကျားမ ခန့်မှန်းလွဲသွားတတ် သည်များလည်း ကြုံရ၍ စကားတင်း ဆိုစရာ ဖြစ်ခဲ့ကြဖူး၏။ မြို့ လယ်သူဌေး ရပ်ကွက်တစ်ကွက်တွင် တောင်အိမ်မြောက်အိမ် ကပ်လျက် အမျိုးသမီး ၂ ဦး အပြိုင် သန္ဓေသား လွယ်ခဲ့ကြရတုန်း က ဖြစ်၏။ ငွေကြေးတတ်နိုင်ကြသူများ ပီပီ သန္ဓေသား ၈ လ‌ ကျော်လာချိန်မှာ အိုဂျီသားဖွား မီးယပ် ဆရာဝန်ကြီးက အာထ ရာဆောင်း ရိုက်စေ၏။ တောင်အိမ်က ကျား၊ မြောက်အိမ်က မ ပါတဲ့။ တကယ်မွေးလာသောအခါ တက်တက်စင် မှားပါရော။ ပြောင်းတိပြောင်းပြန်ကြီးကို ဖြစ်သွား၏။ ထိုသို့ ဖြစ်ရခြင်းမှာ ထိုကာလ စက်သိပ်မပြတ်သားသေးခြင်း၊ ဓာတ်ပုံကြည့်ပြီး ဖတ် သူသိပ်မကျွမ်းကျင်ခြင်း၊ ဓာတ်ပုံက ဝိုးဝါးဖြစ်နေခြင်းနှင့် သန္ဓေ သား တည်နေပုံ ခြားနားချက်လည်း ပါဝင်နေသည်ဟု ဆိုကြပါ သည်။
.


.
ယခုအခါ၌ စက်တွေက သိပ်ကောင်းလာ၏။ သန္ဓေသား ၆ လ ၇ လ နှင့်ပင် အာထရာဆောင်း ရိုက်ယူနိုင်ပြီ။ ထို့ပြင် ဓာတ်ပုံ ဖတ်ပညာ တိုးတက်လာပြီ၊ ဓာတ်ပုံပိုမို ပြတ်သား ထင်ရှားလာ ရာ အဖြေသည် တိကျမှန်ကန်နိုင်သွားပါသည်။ အထက်တွင် စ ကားကြောင်းထားပြီး၊ ကြားဖြတ် အာထရာဆောင်း ကိစ္စ ဝင်လာ ၍ အကြောင်းအရာ လမ်းချော်ဖယ်ထွက်သွားသည်ကို စာဖတ်သူ တို့အား သည်းခံပေးရန် ဆိုပါရစေ။ အစ ပြန်ကောက်ရသော်၊ ခေတ်လူငယ်တို့သည် သံသေ ဒဇ သစ်ရွက်သစ်ပွင့်မှာ သက်မဲ့ဖြစ် သဖြင့် သန္ဓေစွဲနိုင်သလား စောဒက တက်ကြပါလိမ့်မည်။ ကံအ ကြောင်းတရားသည် အလွန် ဆန်းကြယ်ပါသည်။ တကယ်လည်း ဖြစ်ခဲ့ရှိခဲ့ပါ၏။ ဘုရားရှင် လက်ထက်တော်၌ ပဒုမ္မဒေဝီသည် ကြာဖူးကြီးထဲက မွေးဖွားခဲ့၏။ မယ်လမုသည် လမုသီးထဲမှာ သန္ဓေယူခဲ့၏။ ပုဂံခေတ် စေဠုဝတီသည် ဝါးပင်တွင် သန္ဓေတည် သူဖြစ်၏။ စာရှည်မည် စိုး၍ ဤဥပမာများဖြင့် တော်လောက်ပြီ။ ဥများ အုချပြီးမှ ကာလတစ်ခု စောင့်ဆိုင်းရပြီးမှ အကောင်ပေါက် ရသော ငှက်များ၊ တွားသွား သတ္တဝါများကား မျက်မြင်မို့ အထူး စာချဲ့စရာ မလိုတော့ပါပြီ။ ကုန်းနေရေနေ၊ ကုန်းတစ်ဝက် ရေ တစ်ဝက် ဖက်စပ်နေ အများစုတို့ ဥမှ ပေါက်ဖွားကြသည်။ ငါးလိပ် မိကျောင်း ဖားဖွတ် ပုတက် အိမ်မြောင်၊ ငှက်အုပ်စုအားလုံး။ လူ့ ဘဝ ကံတရားကြောင့် နတ်ဖြစ်က ဘွားခနဲ ၁၆ နှစ်သား အရွယ် တန်းပြီး ဖြစ်ကြရပါသည်။
.

ပြက္ခဒိန်
လူမျိုးတိုင်း၌ ပြက္ခဒိန်များ ရှိကြ၏။ မည်မျှပင် ပြက္ခဒိန်ပေါင်း စုံ ရှိကြသည်ဖြစ်စေ၊ အုပ်စုတူရာ ဖွဲ့လိုက်ပါလျှင် နှစ်မျိုးနှစ်စား တည်းသာ ရှိ၏။ ကောင်းကင်ရှိ လမင်းကြီးကို ကြည့်၍ ရက်လ သတ်မှတ်သော လပြက္ခဒိန် Lunar Calendar နောက် ကမ္ဘာနှင့် ချီကာ လူသုံးအများဆုံး ရောမဗြဟ္ခဒိန် Roman Calendar တို့ ဖြစ်ကြ၏။ ကောင်းကင်ထက်က လူ့မျက်စိနှင့် မြင်ရသော လမင်း ကြီးသည် ရက်စုံကွယ် ရက် ၃၀ အပြည့်နှင့် ရက်မစုံကွယ် ၂၉ ရက် လဟူ၍ ၂ မျိုး ရှိ၏။ အင်္ဂလိပ် ပြက္ခဒိန်ကမူ ၃၀ ရက်နှင့်၃၁ ရက် ၂ မျိုးအပြင် ဖေဖော်ဝါရီလကို ၂၈ ရက်နှင့် ၂၉ ရက်ဟူ၍ ကွဲပြန် ပါသည်။ အိန္ဒိယ၊ တရုတ်တို့ကဲ့သို့ပင် မြန်မာတို့မှာလည်း လပြက္ခ ဒိန်စနစ်ကို ကြိုက်ကြ ယူသုံးကြ၏။ ထိုသောအခါ လျော့နည်းနေ သော ရက်အပိုင်းအခြားအတွက် ၂ နှစ် တစ်ကြိမ် ၃ နှစ်တစ်ကြိမ် တစ်လတိုးပေးကြရ၏။ မြန်မာက ဝါဆိုလကို တသမတ်တည်း ထပ်ရာ ပထမဝါဆိုနှင့် ဒုတိယဝါဆို ဟူ၍ ဝါဆိုလကို ၂ ခါဖြစ် သောကြောင့် ဝါထပ်နှစ် ဖြစ်လာရ၏။ ၁၃ လ ရှိသောကြောင့် နှစ်ကြီးဟုလည်း ခေါ်၏။ ဝါဆိုတစ်လတည်း ပုံမှန်အတိုင်း ၁၂ လ ရှိသည့် ရိုးရိုးနှစ်ကို နှစ်ငယ်ဟု ခေါ်ပါသည်။ သက္ကရာဇ် ဟူ သော မြန်မာတို့ရိုးစွဲ အခေါ် နှစ်နှင့် သာသနာနှစ် ဟူ၍ ရှိပြန်၏။ ကမ္ဘာ့သုံး ခရစ်နှစ်ကလည်း ရှိသေး၏။ ယခုဤဆောင်းပါး ရေး နေသော ၁၃၈၂ ခုနှစ် ပထမဝါဆို လပြည့်ကျော် ၈ ရက်သည် ခ ရစ်နှစ် ၂၀၂၀ ဇူလိုင်လ ၁၂ ရက် တနင်္ဂနွေနေ့ ဖြစ်ပါသည်။
.
မွေးရက် birthdate ကို ပြောတိုင်း ခုနှစ်၊ လ နှင့် ရက်ပါရှိရ မည်ဖြစ်သလို ရက်သတ္တတစ်ပတ် ၇ ရက်အနက် မည်သည့်နေ့ day ကို ထည့်ပြေရန် ကျွန်တော်တို့ မြန်မာလူမျိုး အနေနဲ့ အရေး ကြီးပါ၏။ (လယ်တီဆရာတော်ကြီး၏ ဗုဒ္ဓဝင် အကျဉ်းဖြစ်သော ၇ နေ့ ဘုရားရှိခိုး လင်္ကာများအရ သိသာပေပြီ)။ မွေးနေ့ကိုလိုက် ၍ နာမည်ပေးတတ်ကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ဗေဒင်မေးကြမည်။ ကံကြမ္မာရှေ့ရေးကို ကြိုတင် ခန့်မှန်း သိရှိနိုင်ဖို့ လူတိုင်းကလည်း စိတ်ဝင်စားကြ၏။ ထိုအခါ ဘာနေ့သားလဲဟု မေးမည်။ နေ့သားနှင့်အတူ မွေးချိန် အတိအ ကျသိလျှင် အဟောပို၍ မှန်ကန်နိုင်သည် ဆို၏။ ခုနှစ်ကိုလည်း မြန်မာသက္ကရာဇ် အဓိကဖြစ်၏။ မြန်မာလို ယခုအခါ မှတ်လေ့ မရှိလည်း အရေးမကြီးပါ။ နှစ် ၁၀၀ ပြက္ခဒိန်ကို အားကိုးနိုင်သည်။ မိမိကို မွေးမိခင် မွေးဖွားပေးခဲ့သည့်နေ့ကို သိရမည် ဖြစ်သလို ရက်စွဲကိုလည်း သိရမည်ဟု ဆိုလိုရင်းပါ။ မြန်မာတို့က birthday နှင့် birthdate ကို လွဲမှားရောထွေး သုံးတတ်ကြ၏။ ရုံးစာ၌ ရက် စွဲထည့်ရခြင်းသည် date ပါ။ မွေးနေ့သည် day ပါ။ နှစ်ပတ်လည် မွေးနေ့ကို birthday သုံးကြောင်း အားလုံး သိကြ၏။ နှစ်ပတ် လည်ကို anniversary ဟု ဂုဏ်ပြုသတ်မှတ် ခေါ်ကြမြဲပါ။ မြန်မာ မှု ပြုကြသူတို့က ငွေရတုဟု သုံးပါသည်။ နှစ် ၅၀ ပြည့်သည် နှစ် ပတ်လည် အကြိမ် ၅၀ ရှိပြီ။ Golden ဆိုပြီး ရွှေဟု တင်စား၏။ ၇၅ နှစ် ပြည့်လျှင် ၇၅ ကြိမ် နှစ်ပတ်လည်မို့ Diamond ဆိုသည်။ မြန်မာမှု စိန်ရတုပါ။ Jubilee ကား ခရစ်သာသနာတော်နှင့် ဘု ရင်က သတ်မှတ်ပါမှ သုံးနိုင်၏။
.
ကောင်းလားညံ့လား
နေ့ချင်းထပ်လျှင် မြတ်သည်ဟူသော အယူမှာ မင်္ဂလာမောင် မယ်အတွက် ပြောကြယူဆကြခြင်း ဖြစ်၏။ သတို့သားနှင့် သတို့ သမီးတို့ တနင်္ဂနေ့တွင်ချည်း မွေးဖွားကြသူများ ဖြစ်က အကျိုး ပေးကောင်းမည်။ မြင့်မြတ်သော သားသမီးကောင်းရမည်ဟု နိ မိတ်ကောင်း အတိတ်ကောင်း ကောက်ယူပြောကြလေ့ရှိသော စ ကားရပ် ဖြစ်၏။ မွေးနေ့ နှစ်ပတ်လည်၌ မူလမွေးဖွားခဲ့စဉ်က နေ့အတိုင်း တစ်ခါတစ်ရံ တူညီနေတတ်၏။ မွေးနေ့ ထပ်တူထပ် မျှ ကိုက်ညီ၍ မွေးနေ့ ထပ်သည်သုံး၏။ မွေးနေ့ နှစ်ပတ်လည် သည် လပါ တူညီရမည်ကို နားလည် သိရှိကြပြီး ဖြစ်ကြပါသည်။ မွေးနေ့ တစ်ထပ်တည်း ကျသည် ဆိုရာ၌ လရော ရက်ရော နေ့ ရော ၃ မျိုးလုံး ထပ်တူ ထပ်မျှ ဖြစ်ခြင်းပါ။ ဥပမာ ယခုနှစ် ၁၃၈၂ ခု၊ ကဆုန်လဆန်း ၁၀ ရက်သည် သောကြာနေ့မှာ ကျရောက်နေ ၏။ မွေးစဉ်တုန်းကတော့ ၁၃၀၈ ခုနှစ်ဖွားပါ။ ထို့ကြောင့် နှစ် လည် ၇၄ ကြိမ် ရှိခဲ့ပြီ။ ၇၄ နှစ် ပြည့်ခဲ့ပြီ။ ကဆုန်လ ၁၀ ရက် လည်း ထပ်တူညီသည့် အပြင် သောကြာနေ့လည်း တစ်ထပ် တည်း ဖြစ်ပါတော့သည်။ ဤသို့ ၃ ချက် ညီညွတ်ရန် ခဲယဉ်း၏။ နှစ်အတော်ကြာကြာနေမှ တစ်ကြိမ် ထပ်တတ်၏။ ၇ နှစ်ကြာချင် ကြမည်။ ၁၀ နှစ်ကျော် ခြားချင်ခြားနိုင်ပါ၏။ ပြီးခဲ့သည့် ၃ နှစ် ၁၃၇၉ ခုနှစ်တုန်းက တစ်ခါကြုံရ၏။ ၃ နှစ်အကြာသည် အလွန် လျင်မြန် ထူးဆန်းစွာ ကြုံကြိုက်ရက်နေ့ထပ်ခြင်း ဖြစ်ပါသည်။ ဤသို့ လ ရက် နေ့ ၃ ချက် ညီပါက တချို့က ကံကောင်းသည် ယူ၏။ အချို့က ကံညံ့သည် ယူ၏။ ဘယ်ဟာ မှန်ပါသလဲ မေးချင် စရာဖြစ်ပါမည်။ သင်မည်သို့ ထင်မှတ်၍ မည်သို့ ဖြေပါမည်နည်း။
.
ကျွန်တော့် အတွေ့အကြုံအရ ဆိုရပါလျှင် ကံညံ့ပါသည်။ အပူဒုက္ခနှင့် ကြုံကြိုက်ရ၏။ စိတ်သောကများရသလို လုပ်ကိုင် ခြင်း ပြောဆိုခြင်းတို့၌လည်း အခက်အခဲများနှင့် ရင်ဆိုင်တိုးရ၏။ ကျွန်တော့် ဘွားအေကြီး ရှိစဉ်တုန်းကတော့ ဤသို့ မွေးလရက် နေ့ တို့ ထပ်လျှင် ကံညံ့၍ ကောင်းမှု ကုသိုလ်များများ ပြုလုပ်လှူ ဒါန်းစေပါသည်။ အသက် ၇၁ နှစ် ပြည့်ပြီး နောက်နှင့် ၇၄ နှစ် ပြည့်ပြီးနောက် ကပ်လျက်၌ပင် ကျွန်တော် စိတ်ပူပင် သောက လုပ်ကိုင်ပြောဆိုရ ခက်ခဲ ကျပ်တည်းမှုများနှင့် ကြုံရသည်။ ကျွန် တော့်ထက် အသက် ၂၀ ခန့် ငယ်သော သူတစ်ဦး၌လည်း အလား တူပင် ထပ်တူညီမျှ သွားဖြစ်နေ၏။ တပေါင်းလဆန်း ၇ ရက် စ နေသား ဖြစ်နေ၏။ ထို့ကြောင့် ကောင်းသည်ဟု ယူ၍ အကောင်း ကြုံရသည် ဖြစ်စေ၊ ညံ့သည် ယူ၍ အဆိုးလောကဓံ ကြုံရသည် ဖြစ်စေ၊ ဗုဒ္ဓယတြာ ဆိုသော အလှူအတန်း ပြုခြင်းကို မမေ့မ လျော့ ပြုဆောင်သင့်ပါသည်။ ကျွန်တော် လက်လွတ်စပယ် ပြော ခြင်း ရေးခြင်း မဟုတ်ရပါ။ ရှေးပညာရှိ တစ်ဦးဦး၏ သံပေါက်ချိုး လေး စုံတွဲက "မွေးနေ့ မွေးရက်၊ ကုသိုလ်ဆက်၊ အသက်ရှည် ကြောင်းတည်း။ အသက် ရှည်လို၊ ကျန်းမာပို၊ မွေးနေ့ ကုသိုလ်ပြု ရမည်"ကို မှတ်သားထားမိ၍ ပြန်လည် မျှဝေလိုက်ရပါ၏။ ကံ ကောင်းပြီ။ ဗုဒ္ဓယတြာ ဆိုသည် အဘယ်နည်း။ မည်သို့ လုပ် ဆောင် ရမည်နည်း။ ရတနာတော်မြတ် ၃ ပါးနှင့် စပ်လျဉ်း၍ သာ သနာတော်အတွက် အကျိုးများအောင် နိဗ္ဈာန်ထိ အထူးရည်စူး၍ အလှူဒါန ပြုလုပ်ခြင်းကို ဖြစ်၏။ မည်သို့ လှူလှူဖြစ်သလား၊ ကု သိုလ်ရဖို့ စိတ်သန့်သန့်ဆို ဖြစ်၏။ ကုသိုလ်ရမည် ကံကောင်း မည်။ ယတြာ စကားရပ်ပါကတည်းက ဗေဒင်ကိန်းခန်း လောကီ အယူအဆတွေ ပါနေ၏။‌ ဇာတာစစ်၊ ဂြိုလ်ခွင်စစ်ပြီး ဗေဒင်ပညာ နက္ခတ္တပညာအရ ညွှန်ကြားချက်နှင့်အညီ ဖြစ်လိုလျှင် တတ် ကျွမ်းသူ ပညာရှင်များ အကူအညီ ရယူကြပါဟူလို။

No comments:

Post a Comment

Journal Download

Photo of three cats