စကား မာရသွန် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, July 26, 2020

စကား မာရသွန်


ဒေါက်တာအောင်ကျော် (သွား/ဆရာဝန်)
.
လေကြောရှည်
လူလူချင်း ဆက်သွယ်ရန် ကျောက်ခေတ်ဦးလောက်တုန်းက အသံ ဝူးဝူးဝါးဝါးလောက်သာ ထွက်နိုင်ကြသေး၏။ သူတို့ တစ်ဦး နှင့်တစ်ဦး အပေးအယူ နားလည် သိရှိစေနိုင်ရန် ခြေဟန်လက် ဟန် အပါအဝင် ခေါင်းကိုယ်တွေကိုပါ အသုံးပြုခဲ့ကြရ၏။ Body language ဟု မှတ်တမ်း တင်ကြသည်။ ကျောက်ခေတ်လယ်သို့ ရောက်သော် ကျောက်ခေတ်လူသားတို့ အတန်ငယ် တိုးတက်လာ ကြပြီး ပါးစပ်မှ ထွက်သော အသံမျိုးစုံဖြင့် ဆက်သွယ်တတ်လာ ကြပြီ။ အသံထွက်နိုင်မည့် သစ်ခေါင်း၊ ဝါးလုံး၊ ကျောက်မောင်းတို့ ကိုလည်း တီးခတ်ကာ အချက်ပေး ဆက်သွယ်တတ်လာကြပြီ။ Sound language သဘောမျိုး ဖြစ်၏။ ကျောက်ခေတ်နှောင်းသို့ ရောက်လာသည့် အခါတွင်၊ တိုတိုတုတ်တုတ် ပြတ်တောက် တောက် အသံထွက်ဖြင့် ဝေါဟာရ အနည်းအကျဉ်းတို့ကို တီထွင် ဆက်သွယ် ပြောဆိုတတ်လာကြ၏။ ဝါကျရှည်ရှည်များတို့တော့ မဟုတ်သေးပေ။ အတော်လေး ယဉ်ကျေးလာပြီဟု ဆိုနိုင်သော ယင်း ကျောက်ခေတ်နှောင်း၌ နှုတ်ထွက် ပြောဆိုမှုကို viva language အဆင့်သို့ ရောက်လာပြီဟု အကြမ်းဖျင်း မှတ်တမ်း တင်နိုင်ပြီ။
.

စကား ဖြစ်ပေါ်လာသောအခါ ရင်တွင်းရှိ ခံစားမှုများကို အ တော်များများ ကိုယ်စားပြု နှုတ်မြွက် ထုတ်ဖော်လာနိုင်၏။ကိုယ် အမူအရာပြများတော့ တွဲဖက်ဖို့ လိုနေပါသေး၏။ နှုတ်ပြော စ ကားလုံးများနှင့် အတူ ခြေလက် ကိုယ်အမူအရာတို့ ဒွန်တွဲလိုက် နိုင်ပါက ပိုပြီး သဘောပေါက် ပိုပြီး နားလည်လွယ်၊ ပိုပြီး မြန်ဆန် တုံ့ပြန်နိုင်သည်မှာ သေချာ၏။ အပြောချည်းသာ ရှိ၍ ကိုယ်ခန္ဓာ အစိတ်အပိုင်းတို့က ငြိမ်သက်ငုတ်တုတ်၊ ကျောက်ရုပ်ဆိုလျှင် တော့ တစ်ဖက်သားကို ဆွဲဆောင်နိုင်မှု အလွန် အားနည်းသွားပါ လိမ့်မည်လေ။ ပမာအားဖြင့် စာပေဟောပြောပွဲ တို့၌ စကားသံက အတက်အဆင်း အဝေ့အဝိုက် မရှိ၊ ပုံသေတစ်သံတည်း တစ်ညီ တည်း ဆက်တိုက်ကြီး ပြောနေမည် ဆိုပါက ပရိသတ်တို့ကို ချော့ သိပ်သလို ဖြစ်နေပေရော့မည်။ အချိန်ကုန်လွန်ခဲလှချည့်ဟု ထင် ကြငိုက်မျဉ်းသမ်းဝေကြ မဟန်နိုင်သည့် အဆုံး ခေါင်းငိုက်စိုက် အိပ်ပျော်သွားနိုင်ပါသည်။ အားနာ၍ ထမပြန်သော ပရိသတ်များ အတွက် သရုပ်ဖော်ပြခြင်း ဖြစ်ပါ၏။ အားမနာ လျှာမကျိုး ပရိ သတ်မျိုးဆိုလျှင် "တော်ပါတော့၊ ဆင်းပါတော့ဗျို့"ဟု အားပေး မေတ္တာပို့ကာ ပြောင်းဖူးရိုးဖြင့် ပစ်ပေါက်ခြင်းအထိ သောင်းကျန်း နိုင်ပါသည်။ ပရိသတ်ကို မထိန်းနိုင်မှန်း အရိပ်အကဲ သိသူဆိုက စကားလက်စသတ်၍ အမြန်ကြီး စင်မြင့်ပေါ်က ပြေးဆင်းပေ တော့ပေါ့။
.
ပရိသတ်ပွဲတောင်းခံရလွန်းသူတို့အား လေ့လာကြည့်ပါ။ လူ ပုံပန်းက သွက်လက်၊ ဟာသမနှောသေးဘဲနှင့်ကိုပင် ရယ်မော ချင်စိတ် ဖြစ်ပေါ်နေပါပြီ။ သူ့တစ်ကိုယ်လုံး လှုပ်ရှား၊ ကိုးရိုးကား ရား ဟန်ပန်သည် ဟာဒယရွှင် ဆေးတိုက်ကျွေးနေသလို ဖြစ်နှင့် နေပြီ။ အချက်ကျကျ ဟာသဖောက်လိုက်သောအခါ ဇာတ်ပွဲကြီး ၌ ပတ်မကြီးတုတ်လိုက်ရသလို တအုန်းအုန်းနှင့် ဝါးလုံးကွဲရယ် မောကြတော့၏။ အချက်အလက်ကလည်း ကောင်း၊ အကြောင်း အရာကလည်း ခေတ်နှင့်အညီ ခေတ်မီ၊ အာဝဇ္ဇန်းကလည်း တ မင်ဖန်တီးနေရသည် မဟုတ်၊ နဂိုဗီဇကိုက ရွှင်သွက်နေသူအဖို့၊ တစ်ဦးတည်း ၂ နာရီ ၃ နာရီ စကား မာရသွန်‌ ဟောပြောပါ။ လေ ကြောရှည်ပါ။ ပရိသတ်တို့က ခဏလေး ထင်ကြမည်။ စကားနိဂုံး ချုပ်လျှင်ပင် ဆက်ပြောပါ ဟောပါဦးဟု ဆက်လက်ပွဲတောင်းခံရ ပါလိမ့်မည်။ သေချာပါ၏။
.
မာရသွန်
ပြေးခုန်ပစ် အားကစား၌ အပြေးကဏ္ဍတွင် ပုံစံမျိုးစုံ ရှိပါ သည်။ တိုသော ခရီး တာတို မီတာ ၁၀၀ နှင့် မီတာ ၂၀၀ အကွာ အဝေးအတွင်း ယှဉ်ပြိုင်ပြေးရခြင်းပါ။ တာလတ် ခရီးက မီတာ ၄၀၀ နှင့် ၈၀၀ ဟု နားလည်ထားသည်။ တာဝေး ဆိုသည်မှာ မီ တာ ၁၅၀၀ မှ စတင်ကာ မီတာ တစ်သောင်းအထိ အမျိုးမျိုး ရှိ တယ်။ မာရသွန် ဆိုသည်ကား မိုင်အစိတ်ကျော်ရ၏။ ၂၆ မိုင်မှ မိုင် ၃၀ အတွင်း ပန်း စတင်တာလွှတ်ရာမှ ပန်းဝင်ရမည့် အရပ်အ ထိ ၂၇ မိုင်လည်း ဖြစ်နိုင်သလို ၂၈ မိုင်လည်း ဖြစ်နိုင်မည်။ စီစဉ် သူများအပေါ်၌ မူတည်နေဟန် ရှိ၏။ မသေချာပါ။ မီနီ မာရသွန် ဆိုသော မာရသွန်အငယ်စားလည်း ရှိသေး၏။ ၁၅ မိုင် ဝန်းကျင် အကွာအဝေး ရှိလိမ့်မည်။ ပြီးတော့ အခက်အခဲကျော် အပြေးပြိုင် ပွဲတွေလည်း ရှိ၏။ ကျွန်တော်တို့ ငယ်ငယ် လွပ်လပ်ရေးနေ့၊ ပြည် ထောင်စုနေ့ စသော ရုံးပိတ်ရက် ပွဲလမ်းသဘင်၌ ပြေးခုန်ပစ်ပြိုင် ပွဲ ထည့်ပေးတတ်၏။ ကိုယ်ကိုယ်တိုင် မပြေးမပါဝင်သော်လည်း အတန်းဖော်၊ သို့မဟုတ်၊ ကိုယ့်ကျောင်းက ကျောင်းသူကျောင်း သား အားကစားသမား များကို သွားရောက် အားပေးအားပေးရ သည်မှာ အမောပါပေ။ အော်ဟစ်ရတာ ပျော်လည်းပျော်၊ မော လည်း မော၊ အသံလည်း နာ၊ အသံဝင်သည်အထိ ကဲခဲ့ကြဖူး၏။ ကိုယ်အားပေးသော ကိုယ့်ကျောင်းက အားကစားသမား ပန်းဝင် ပြီး ပထမ၊ ဒုတိယ၊ တတိယဆုကြီးတွေ ချိတ် (နှစ်သိမ့်ဆုကတော့ ကလေးတွေကို အားပေးသမှုအတွက် အထူးဆု သဘောမျိုးပေး) ကြလျှင် လက်ခုပ်နာနာတီး၊ လက်ဖဝါးတွေများ ရဲတွတ်နာကျင် ကုန်ပါလေရော. အထူးအဆန်းများမှာ၊ ထိုစဉ်က ဂုံနီအိတ်ထဲ ခြေ အစုံစွပ်ပြီး ခုန်ဆွပြေးပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပြေးရင်းကောက် ရတာပါ။ ပြီးတော့ လက်နှစ်ဖက် နောက်ပစ် ချည်တုတ်ထားပြီး ကြိုးတန်းမှ တန်းလန်းချိတ်ဆွဲ ပေါင်မုန့်ကြွပ်ချပ်ကို မမှီ့ တမှီ ကုန်အောင် ကိုက်ဖြတ်စား၊ ဝါးမျိုပြီးမှ ဆက်ပြေးရသော အပြေး ပြိုင်ပွဲ( အခန့်မသင့်၊ တံတွေးခြောက်တတ်သူဆို မုန့်ကြွပ်က သီး နင်တတ်)။ ယောက်ျားချင်း၊ မိန်းကလေးချင်း ၂ ဦးတွဲ ဘယ်ညာ ခြေတစ်ချောင်းစီ ချည်နှောင်ကာ ခြေသုံးချောင်းဖြင့် အပြေးပြိုင် ရခြင်း၊ ကုလားမ ခြေထောက်ဆိုသော ဝါးလုံး ၂ ချောင်း အမြင့် တစ်တောင်ကျော်စီ၌ ခြေနင်းခုံ ရိုက်ထားသည့်အပေါ် ခြေနင်းပြီး ဝါးလုံး အထက်တစ်နေရာ လက်မီရာ ဆုပ်ကိုင်ပြီး လမ်းလျှောက် ပြိုင်ခြင်း အနှေးပေးပြိုင်ခြင်း စသည်၊ ခေါင်းတွင်း ပေါ်လာသမျှ တို့ကို ရေးပြရခြင်းပါ။ နောက်ပြီး မီတာ ၁၀၀ စီ ၄ ဦး လက်ဆင့် ကမ်း မီတာ ၄၀၀ အထိ အပြေးပြိုင်ခြင်းလည်း ရှိပါသေးသည်။ ပိုက်ကွန် အောက်က လျှိုဝင်ကာ လေးဖက် တွားပြီး အပြေးပြိုင် တာ၊ တန်းကျော်ပြေးဆိုသော တန်းအနိမ့်မှ တဖြည်းဖြည်းချင်းစီ မြင့်မြင့်သွားသော တန်း ၄ ခုလောက် အကွာအဝေး တစ်မျိုးမျိုး အထွေထွေ ဖြစ်ရပ်တို့မှာ သည်းထိတ်ရင်ဖိုလည်း ဖြစ်ရ၊ သနားစ ရာ ကြေကွဲစရာလည်း ဖြစ်ကြရ၊ ဝမ်းသာကြည်နူးစရာလည်း အ များကြီးကို ပါဝင်တာပေါ့လေ။ သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ အမြင့် ခုန် အလျားခုန်၊ ‌ဪ မေ့လို့၊ လှံတံရှည် လှံတံတို ပစ်တွေလည်း ပါတာ မှတ်မိသေး၏။ တစ်နေကုန်ပါလေရော။ လွမ်းမောတမ်း တစရာတေါပါ။ ခုခေတ် လူငယ်တွေများ မြင်ဖူးဖို့ ဝေးစွ၊ ကြားပင် ကြားဖူးကြမည် မထင်ပါ။ စာပြီးစာ၊ ကျောင်းမှာစာ ကျူရှင်မှာစာ၊ အိမ်မှာဂိုက်နှင့် စာ။ မြန်မာ့အားကစား ကျဆင်းပြီ။ ကစားကွင်း များ ပြန်ထုတ်ဖော်သင့်ပြီ။ အားပေးသင့်ပြီ။ အတိုချုပ်ရလျှင် မာ ရသွန်ဆိုသည်မှာ တာဝေးမှ မိုင်ပေါင်း အစိတ်ကျော်ခရီး၊ ဇွဲကြီး သက်လုံကောင်းပါမှ။ ထို့ကြောင့် ပန်းဝင်လျှင် ဇွဲဆုရပါသည်။
.
ခြေစမ်းခြေစစ်
ဘောလုံးအသင်းတို့သည် တစ်သင်းနှင့်တစ်သင်း ခြေရည် ဘယ်လိုရှိသည် သိရှိနိုင်ရန် ခြေစမ်းတတ်ကြသည်။ အလွန်ခိုင်မာ တောင့်တင်းသော သူဌေးအသင်း ဆိုကြပါစို့။ အခြား မိတ်အသင်း နှင့် ချိန်းချက် ကစားနေရန် မလိုလောက်အောင် အသင်းသားအ စိတ် သုံးဆယ်အနက် နှစ်သင်းခွဲကာ အချင်းချင်း ယှဉ်ပြိုင်ကစား လေ့ ရှိသည်။ အရန်တွေလည်း ရှိထားကြတော့ နှစ်သင်းကောင်း ကောင်း ဖွဲ့ကာ ကစားနိုင်သည်ကား မဆန်းပါပေ။ အချင်းချင်း ခြေရည်ခြေသွေး သိရှိ အကဲမိပြီးသားဆိုတော့ ခြေပေါ်မပေါ်သာ ရှိမည်။ ပွဲပရိယာယ် ဆင်ဉာဏ်သုံး ကစားဖို့တော့ အားနည်းသည် မှာ အမှန်ပါ။ အတူယှဉ်ပြိုင်မကစားဖူးသော တစိမ်း(သူစိမ်းတရံ ဆံ)ကို မိတ်ဖွဲ့ကာ ချစ်ကြည်ရေးပွဲ ကစားကြသောအခါတွင်မူ တစ်ဖက်အသင်း အကွက်ဆင်ပြင်၊ တစ်ဦးချင်းစီ၏ အရည်အ သွေးပေါ် မူတည်ပြီး ဉာဏ်ကစား တိုက်တွက် ဆင်ရပါတော့၏။ နည်းပြဆရာပေါ်၌လည်း အများကြီး မူတည်သလို အသင်းခေါင်း ဆောင် ကက်ပီတိန်ပေါ်၌လည်း မူတည်နေသည်။ အသင်းသား အချင်းချင်း အပေးအယူမျှလျှင် ပွဲကြည့်လို့ ကောင်းမည်။ တစ် ကိုယ်ကောင်း အတ္တဆန်လွန်းသူ စုန်းပြူးပါလာလျှင် ပွဲမလှပနိုင် တော့ပေ။ အတ္တဆန် ထင်ပေါ်လိုသူကြောင့်လည်း အရှုံးနှင့် ရင် ဆိုင်ရတတ်သေးသည်။
.
ကျွန်တော် ခြေစစ်ပွဲ ဝင်ရောက်ခဲ့ဖူး၏။ ဘောလုံးပွဲလို့တော့ မထင်လိုက်ပါနှင့်။ ကျွန်တော်ကား ဘတ်စ္စကက်ဘောလုံး သရဲ သာ ဖြစ်၏။ ကျွန်တော် ဝင်ပြိုင်သည်မှာ မိုင် ၂၀ ခြေစစ် လမ်း လျှောက်ပွဲ ဖြစ်ပါ၏။ မိုင် ၂၀ ကို ၅ နာရီအတွင်း ပန်းဝင်နိုင်ပါမှ ခြေစစ်အောင်၍ ခြေလျင်တောင်တက်သား အဖြစ် ဝိတိုရိယ တောင်တက်ဖို့ ပါဝင်နိုင်ပါလိမ့်မည်။ ၁၉၇၁ ခုနှစ်၊ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း၊ အမြင့်ပေ ၁၀၂၀၀ ရှိ ခေါ်နူးစုမ်ဟု လည်း ချင်းလိုခေါ်သော နတ်မတောင်သို့ တက္ကသိုလ်ပေါင်းစုံ (ရန်ကုန်) တောင်တက်ခရီး ဖြစ်ပါ၏။ မာလာဆောင် ရှေ့မှ တာ လွှတ်၍ မှော်ဘီသွားလမ်း၊ ရွာငယ်တစ်ရွာ၌ ပန်းဝင်ရမည်။ ကျွန် တော်သည် အလွန်မိုက်မဲလွန်းစွာ မခံချင်စိတ်ဖြင့် ဝင်ပြိုင်ခြင်းပါ။ စနေည ၉ နာရီခွဲပွဲ မင်းသားညွန့်ဝင်း၏ အကွေ့တစ်ထောင် ရုပ် ရှင်ကားကြည့်ဖြစ်၏။ ကားပိုင်းပေ ၁၃၀၀၀ ကျော်ဆိုတော့ ၁၂ နာရီခွဲကျော်မှာ ပြီး၏။ သန်းခေါင်ယံ ဗိုက်ဖြည့်ရန် တရုတ်တန်း သို့ သွား၊ ဆိုင်သိမ်းနေသည်ကို မိတ်ရင်းမို့ ခေါက်ဆွဲအတင်းကြော် ခိုင်း၊ ကြက်ဥ စိမ်း ၄ လုံးဝယ်၊ အဆောင်ပြန်ရောက်ချိန်၌ မနက် ၁ နာရီခွဲကျော်ပြီ။ ကင်းပတ်ဖိနပ်၊ လမ်းလျှောက်ဘောင်းဘီကို ရှာ၊ ပြင်ဆင်ပြီး၍ အိပ်ရာဝင်တော့ ၂ နာရီ။ မနက် ၄ နာရီ အလေ့ အကျင့်မရှိ၊ ငယ်ဘဝ တောင်ကြီးတောင်ပေါ် တက်နေကျကို အားကိုးမိခြင်း။ ပထမ ၂ နာရီခန့်အတွင်း ၁၀ မိုင်လောက်ပေါက် ၏။ နောက်ဆုံးတစ်မိုင်ကား ၁ နာရီဝက်နီးပါး ဇွဲခတ်မောင်းတင်။ စိတ်ဆောင်တော့ အောင်ပါ၏။ လူကတော့ မြော့နေပြီ။ ပန်းမဝင် သူ တစ်ပုံတစ်ပင်ဆိုတော့၊ ရှမ်းပြည်သား ကျွန်တော်ဟုတ်တုတ် တုတ်ပေါ့။ အရွေးလည်းခံရပါ၏။ ဝိတိုရိယတောင်ထိပ်သို့လည်း ခြေချနိုင်ခဲ့၏။ တက္ကသိုလ်ကျောင်းသားဘဝ အမှတ်တရအောင် မြင်မှု။
.
စကားမာရသွန်
ဟင်္သာတက သူငယ်ချင်းပြောဖူး၏။ မုန့်ဟင်းခါး မုန့်တီဖတ် အစိတ်သား ကုန်အောင် စားနိုင် မနိုင် အလောင်းအစား လုပ်ကြ ရာ အတော် ဝမ်းခေါင်းကျယ်သူ မဟုတ်က မစားနိုင်ပါတဲ့။ သူတို့ ဆီမှာက မုန့်ဖတ် ငါးကျယ်သားနှင့် အလိုက် ဟင်းရည်ရွှဲရွှဲဆို အ တော်အစားကြီးသူပါတဲ့။ အစိတ်သားဆိုတော့ ငါးဆပေါ့။ တချို့ များ အန်တောင် အန်ထွက်ပါသတဲ့။ ဟုတ်မည်။ မုန့်ဖတ်က ဟင်း ရည်နှင့် တွေ့လျှင် ပွလာ၏။ ဟင်းရည် ငန်လို့ကတော့ ရေသောက် တိုင်း ဝမ်းဗိုက်ကြီး ကယ်လာပါရော။ တချို့လည်း နွားနို့ တစ်ပိဿာ တစ်ထိုင်တည်း သောက်ပြိုင်ကြ၊ ကြက်ဥ ဘဲ ဥ အလုံးအစိတ် ဆိုတာလည်း ကြားဖူး၏။ အစား မာရသွန် ဆိုရ ပါမည်။ ကျွန်တော်က အစားမကြီးသော်လည်း စကားကြောရှည် တတ်လှပါသည်။ အကြောင်း သိတွေက ကျွန်တော့်အား ဆိုင်က လုံးတဲ့။ လေမုန်တိုင်းနှင့် ခိုင်းနှိုင်းခြင်းပါ။ ဟောပြောပွဲကို ရှောင် တတ်လှ၏။ စင်မြင့်ပေါ် မတက်ချင်၊ လူလုံး မပြချင်၍ ဖြစ်၏။ အလှည့်ကျတော့ မနွဲ့စတမ်း ဆိုလျှင်တော့ ၃ နာရီ ဆက်တိုက်၊ ရေမသောက်တမ်း ပြောနိုင်ခဲ့ဖူးသည်။ မိုင် ၂၀ လမ်းလျှောက်ပွဲ ဝင်တုန်းက သန်တုန်းမြန်တုန်း ၂၃ နှစ်ထဲမှာပါ။ ဟောပြောကမူ ၅၅ နှစ် ရနေပါပြီ။ ဟော ခု ပြေလည်အောင် အက်ကြောင်း ထင် နေသော အသင်းအဖွဲ့တစ်ခုအတွင်း ရှေးဦးစတင်လာသူ လူလတ် ပိုင်းနှင့် နောက်တိုး လူငယ်ပိုင်းတို့ သဘောထားကွဲလွဲနေခြင်းကို ရင်ကြားစေ့အောင် ညှိနှိုင်းပေးသည့် ကိစ္စ ကျွန်တော် ဆောင်ရွက် ရတော့မှ ခက်ခဲလိုက်တာ။ သံသယဆိုတာ အလကား၊ မှန်သဗျ ဆိုတာဟာ ပတ္တမြား သီချင်းစာသားကို ပြန်အောက်မေ့မိသည်။ ငြိမ်းချမ်းရေး အပြောလွယ် အလုပ်ခက်လှချေတကား။
.
အသင်းအဖွဲ့ဆိုလျှင် ရည်ရွယ်ချက် ပန်းတိုင် ဦးတည်ချက် လမ်းကြောင်း၊ အကောင်အထည်ဖော် လုပ်နည်းလုပ်ဟန်၊ လမ်း စဉ် ချမှတ်မှုတို့ ရှိရပါမည်။ စည်းမျဉ်း စည်းကမ်း၊ ဆုကြေးဒဏ် ကြေးတွေ ရှိရပါမည်။ ပြစ်မှုအကြီးအသေးပေါ် မူတည်၍ ပြစ်ဒဏ် အကြီးအသေး ထားရှိရမည်။ အစိုးရက အခါ အားလျော်စွာ ထုတ် ပြန်ကြေညာထားသော ဥပဒေ၊ ယင်းဥပဒေအတွက် လုပ်ဆောင် ဖွယ် အဆင့်ဆင့် နည်းဥပဒေများကိုပါ ထုတ်ပြန်ထားပါမှ အဆင် ပြေပါ၏။ နည်းဥပဒေ မရှိသေးသော ဥပဒေအတွက် အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ ဆုံးဖြတ်မှု မျိုးစုံပေါ်ပေါက်လာနိုင်သည်။ တူညီသော ပြစ်မှုတွက် မတူညီသော မြို့နယ်၊ တရားသူကြီးတို့ ချမှတ်သော ပြစ်ဒဏ်များစွာ ကွဲလွဲနိုင်ပါ၏။ ယခုအခါ နိုင်ငံရေး ပုံရိပ်ရှိသော အလွတ်အဖွဲ့ အသင်းတစ်ခုသည် ကိုဗစ် ၁၉ ကာလ ၌ လိုအပ်သော အချိန်မို့ စေတနာ ဗရပွဖြင့်၊ ကြုံလျှင်ကြုံသလို ကောင်းမည် ထင်ပြီး လုပ်ဆောင်ပေးခဲ့ကြ၏။ ငွေ၊ ပစ္စည်း စသည် လှူသော သူက လှူပြီး၊ လက်ခံရရှိသူကလည်း အလိုအပ်ဆုံး နေ ရာ အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ဖြည့်ဆီးပေးခဲ့ ကြပြီ။ အသင်းအဖွဲ့ဖြစ်စေ ပုဂ္ဂိုလ်တစ်ဦးချင်း ဖြစ်စေ မူသေ မရှိ ဘဲ ဆောင်ရွက်ခြင်း၌ သံသယဝင်စရာတွေ အထူးသဖြင့် ငွေကြေး ကိစ္စကိစ္စနှင့် ပတ်သက်လာလျှင် ဖြစ်တတ်တာတွေကြောင့် အက် ကြောင်း ထင်ရလေ့ ရှိ၏။ အက်ပြီဆိုက ကွဲဖို့သာ ပြင်ပေတော့။ တစ်ရက် မနက် ၁၁ နာရီမှ ညနေ ၆ နာရီခွဲထိ မစားမသောက် တမ်း မနားတမ်း စေ့စပ်ပေးပါ၏။ ၆ ရက်ခန့်အကြာ မူကြမ်း ၉၀ ရာခိုင်နှုန်း ပြီးမြောက်လျက် ပျက်ရသေး၏။ တိုင်းပြည်ငြိမ်းချမ်း ရန် အဖွဲ့ ၂၀ ကျော်အတွက် ခေါင်းနားပန်းကြီးမိပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

About