အောင်ဆန်းဝင်း
.
ရွာမလို ဟန်ပြင်လိုက်။ လေနှင်ရာ လွင့်ပြီး ပျောက်သွား လိုက်။ ဟန်ရေးတော့
ပြတယ်။ မြေပြင်ပေါ် လိုသလောက်ရောက် လာတယ် မရှိဘူး။ ရောက်ပြန်တော့လည်း ရွာတယ် ပြောလို့ရရုံ
လောက်ရယ်။ ခြောက်သွေ့သွေ့ မြေပြင်တောင် အကုန်စိုတယ် မရှိဘူး။ မိုးက သူ့လမ်းသူ တည့်အောင်
မလျှောက်တာ အတော် တောင် ကြာလာခဲ့ပြီ။ အခုချိန်ထိ မိုးကိုမိုးနဲ့ တူအောင် တွေ့ရတာ ၂
ကြိမ်လား ရှိသေးတယ်။ ဒါလည်း အချိန်ကြာကြာ မဟုတ်ဘူး။ သူရှိမှန်း သိအောင် ပြတဲ့ သဘောလောက်ပဲ။
ချိန်ခါရာသီကတော့ သူ့ရဲ့ ချိန်ခါပေါ့။ ဒါပေမဲ့ မိုးက လမ်းပျောက်သလို ဖြစ်နေတယ်။ သူ့ချိန်ခါဆိုတော့
မျှော်တဲ့လူတွေက မျှော်ကြတယ်။ သီးနှံအတွက် မျှော်တဲ့လူ ရှိတယ်။ သောက်ရေ သုံးရေအတွက်
မျှော်တဲ့လူ ရှိ တယ်။ အလိုလိုနေရင်း မိုးကိုချစ်တဲ့ လူတွေကလည်း မျှော်ကြ တယ်။ ဟိုလိုလို
ဒီလိုလို လမ်းပျောက်နေတာက မိုး။
.
တောင်ကြီးမိုးက နည်းနည်း ထူးဆန်းတယ်။ သစ္စာ ရှိတယ် ပြောရမလား။
ရွာမယ့်ရွာတော့ ကျောင်းဖွင့်ရက် ကျောင်းဖွင့်ချိန် နဲ့ စရွေးကိုက်။ အရပ်ထဲက လူတွေ ပြောတဲ့
အတိုင်း ဒဲ့ပေါ့။ မစို့ မပို့တစ်တို့တစ်တို့ လုပ်နေတဲ့ မိုးက ကျောင်းဖွင့်တဲ့ရက် ရွာလိုက်
တာ မိုးလင်းမိုးချုပ်။ လူမမယ် လူမှန်း သိတတ်စတုန်းကတော့ ဒီလို မိုးတွေနေကုန်နေခန်း
ရွာရင် ပျော်ကြတာပေါ့။ ကျောင်း ဆင်းကျောင်းပြန်ချိန် မိုးရွာရင် ပိုတောင် ပျော်တတ်ကြတယ်။
အိမ်ကပါလာတဲ့ ထီးကို လွယ်အိတ်ထဲ ထည့်ရင်ထည့်ထား။ ဒါမှ မဟုတ် မဖွင့်ဘဲ လက်က ကိုင်ပြီး
မိုးရေထဲ လမ်းသလားကြတယ်။ ကွင်းပြင်ကျယ်တွေ လက်ညှိုးထိုး မလွဲပေါတုန်းက ဘော်ဒါတွေ နဲ့
ချိန်းပြီး မိုးရေထဲမှာ ဘောလုံး ကန်ကြတယ်။ ဖျားလာမှာ နာ လာမှာ တွေးပူတဲ့ကောင် တစ်ယောက်မှ
မရှိဘူး။ တစ်ထောင့်တစ် နေရာက ကြံဖန်ပြီး မိဘတွေကို ဒုက္ခပေးတယ် ပြောရမလားဘဲ။
.
အခုအရွယ်လေး နည်းနည်းရလာတော့ မိဘတွေကို ကိုယ် ချင်းစာတတ်လာခဲ့တယ်။
စီးပွားရေးနဲ့ ကျန်းမာရေး ဆက်စပ်နေ တဲ့အတွက် မိုးရေစပ်စပ်ထဲ ထွက်ရမှာ တွန့်လာတယ်။ ခက်တာ
က ကျောင်းဖွင့်ချိန်ဆိုတော့ မထွက်လို့ မရပြန်ဘူး။ ကျောင်းပို့ ကျောင်းကြိုက မဖြစ်မနေ
လုပ်ရမယ့်အလုပ်။ ပျောက်ချင်တိုင်း ပျောက်နေတဲ့ မိုးက တော်တော် ဆိုးတယ်။ ကျောင်းစဖွင့်တဲ့ရက်
ရွာလိုက်တာ တစ်မိုးချုပ်တဲ့အထိ။ တစ်စိမ့်စိမ့် ရွာနေတဲ့ မိုးကို ထိုင်ကြည့်ပြီး နည်းနည်း
စိတ်ပျက်သလို ဖြစ်လာတယ်။ ကားနဲ့ လူတချို့၊ ဆိုင်ကယ်နဲ့ လူတချို့ကတော့ မဖြစ်မနေမို့လား
မ ပြောတတ်ပါဘူး။ ဖွဲလိုက်သဲလိုက် ရွာနေတဲ့ မိုးပေါက်တွေအောက် မှာ တရုန်းရုန်း ဥဒဟိုပြေးလို့။
.
.
မိုးပေါက်တွေကို စိုးကြောက်ပြီး ထိုင်ခုံတစ်လုံးပေါ်မှာ ကျောက်ချတာ
နာရီတချို့ ပွန်းကုန်တယ်။ သူ့ဟာသူ ရွာတဲ့မိုး ကို အကြောင်းပြုပြီး အကျိုးမဲ့ ထိုင်ချင်တိုင်းသာ
ထိုင်နေတာ။ အ မှန်တော့ လုပ်စရာ အလုပ်က ရှိနေတယ်။ စာရေးရဦးမှာ။ လူက ပျင်းတာရယ် ရေးစရာ
အကြောင်းတွေ ရောထွေးနေတာရယ် ပေါင်းပြီး တိုင်ပတ်နေတယ် ပြောရမှာပေါ့။ တစ်ကြောင်းလောက်
ရေးလိုက် ဇာတ်ကြောင်းက ပျောက်သွားလိုက်။ စာတစ်ပိုဒ် လောက် ဖြစ်လာလိုက် ဦးနှောက်က ပျက်သွားလိုက်
ဆိုတော့ ရေးမရတော့ဘူး။ ဘာလုပ်ရမလဲ စဉ်းစားတော့ ခပ်ရှုပ်ရှုပ် (အမှန် တော့ အတော်ရှုပ်တယ်)
ဖြစ်နေတဲ့ အခန်းလေးကို စိတ်က သတိ ပြန်လည်သွားတယ်။ ဘယ်မှ သွားမရမယ့်အတူတူ စာလည်းရေး
မရမယ့်အတူတူ အခန်းလေး ရှင်းလိုက်မယ်ပေါ့။ တကယ်လည်း ရှင်းလိုက်တယ်။ ရှင်းရင်းနဲ့ အခန်းထောင့်
တစ်နေရာက ဖုန် တက်နေတဲ့ ပလတ်စတစ် အိတ်ပေါက်စလေး တစ်လုံး ထွက်လာ တယ်။
.
မမြင်တာကြာတော့ ဘာအိတ်မှန်း မမှတ်မိတော့ဘူး။ နှစ် တွေ ဘယ်လောက်ကြာခဲ့မှန်းမှ
မသိတော့တာ။ အိတ်ပေါက်စကို ကောက်ကိုင်ပြီး ဖုန်ခါလိုက်တော့မှ အတွင်းက ရှိတဲ့ ပစ္စည်းတွေ
ကို သိလိုက်တယ်။ နားရွက်နားကပ် ပြီးခါကြည့်တော့ အသံလေး တွေ ထွက်လာတယ်။ သေချာတယ်။ မှတ်မှတ်ရရ
ဖြစ်အောင် သိမ်းပြီး မေ့မေ့ပျောက်ပျောက် ဖြစ်နေတဲ့ အကြွေစေ့လေးတွေ။ သိပ်အများကြီးတော့
မဟုတ်ဘူး။ အကြွေစေ့လေး ၈ ခု။ ၁၀၀ တန် အကြွေစေ့က ၅ ခု၊ မြန်မာငွေ ၅၀၀ ကျပ်။ ၅၀ တန် အကြွေ
စေ့က ၂ ခု ၁၀၀ ကျပ်။ ၁၀၀ တန်နဲ့ ၅၀ တန်တွေက မြန်မာနိုင်ငံ တော် ဗဟိုဘဏ် တံဆိပ်ခပ်နှိပ်ပြီး
၁၉၉၉ ခုနှစ်က ထုတ်ဝေထား တဲ့ အကြွေစေ့လေးတွေ။ ၂၁ သား အရွယ် အကြွေစေ့။ ဈေးဆိုင် တွေမှာ
လိုအပ်တဲ့ ပစ္စည်း သွားဝယ်ရင် လက်ခံမယ့်ပုံ မပေါ်ဘူး ထင်ရတာပဲ။ ဒါမှမဟုတ် အထူးအဆန်း
အဖြစ် ကြည့်ရင်ကြည့် လိမ့်မယ်။
.
၂၁ နှစ်သား ၁၀၀ တန်၊ ၅၀ တန် အကြွေစေ့တွေက အတော် ကြီး လတ်နေသေးတယ်။
ပြောင်လက်လက်လေးတွေ ဖြစ်နေ တယ်။ ၂၁ နှစ်ဆိုတော့ အရွယ်ကောင်း ဖြစ်နေသေးတာကိုး။ ဒီ အကြွေစေ့လေးတွေနဲ့
ဈေးသွားဝယ်ဖို့ စဉ်းစားကြည့်သေးတယ်။ ဘာရယ် မဟုတ်ပါဘူး။ မြန်မာနိုင်ငံတော် အစိုးရ အသိအမှတ်
ပြု ထုတ်ဝေထားတဲ့ ပိုက်ဆံဆိုတော့ သုံးလို့ ရဦးမလားပေါ့။ နောက်တော့ ဈေးဝယ်မယ့် အစီအစဉ်ကို
ဖျက်လိုက်တယ်။ မေ့ မေ့ပျောက်ပျောက် နှစ်ပေါင်းများစွာ သိမ်းလာပြီးမှတော့ ဒီအ တိုင်း
ဆက်သိမ်းမယ် စိတ်ကူးနဲ့။ ၁၀၀ တန် ၅ စေ့က ၅၀၀၊ ၅၀ တန် ၂ ခုက ၁၀၀ ကျပ်။ အကြွေ ၂ မျိုးပေါင်း
၆၀၀ ကျပ် ၇ စေ့။ စုစုပေါင်း ၈ ခု ရှိတာဆိုတော့ နောက်တစ်ခု ကျန်နေသေးတယ်။ ကျန်နေတဲ့
အကြွေစေ့လေး ကြည့်တော့ အသက်တော်တော် ရ နေပြီ။ ခုနှစ်နဲ့ တိုက်ကြည့်တာ ၆၈ နှစ်။
.
အကြွေစေ့လေး အသက်က လူတစ်ယောက် သက်တမ်းနဲ့ ကြည့်ရင် မီးစာကုန် ဆီခန်းပြောလို့ရသလို၊
ရင်ကျက်တဲ့ အရွယ် လို့ဆိုချင်လည်း ဆိုနိုင်လိမ့်မယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်
တံဆိပ်ခတ်နှိပ်ပြီး ၁၉၅၂ ခုနှစ်မှာ ထုတ်ဝေထားတဲ့ တစ်မတ်စေ့ လေး။ ၂၅ ပြားစေ့။ ပိုက်ဆံအကြွေစေ့လေးက
အဝိုင်းတိတိပပ မဟုတ်ဘူး။ ဆဌဂံနဲ့ ခပ်ဆင်ဆင် တူတယ် ပြောရမယ် ထင်တယ်။ ထောင့် ၆ ထောင့်
ပုံစံသွန်းထားတော့ တူပါလိမ့်မယ်။၁၀၀ တန် နဲ့ ၅၀ တန် အကြွေတွေက သက်တမ်း သိပ်မရင့်သေးတော့
အ တော်ကြီးလတ်တယ်။ သက်တမ်းရင့်နေတဲ့ တစ်မတ်စေ့လေးက တော့ သိပ်အရောင် မလတ်တော့ဘူး။ သူဟာ
၂၅ ပြားစေ့ ဖြစ်ခဲ့ ဖူးတယ်ဆိုတာ ပြနိုင်ရုံလောက်ပေါ့။ သူအသက်အရွယ် ကြီးရင့် နေပြီလေ။
ဒီ ၂၅ ပြားစေ့လေး မြင်တော့ မူလတန်း ကျောင်းသား ဘဝကို သတိရမိပြန်တယ်။
.
ငယ်ငယ်တုန်းက ကျောင်းသွားရင် မုန့်ဖိုး အနေနဲ့ အကြွေ စေ့လေးတွေပဲ
ရခဲ့တာ။ ၅ ပြားစေ့၊ ၁၀ ပြားစေ့၊ ၂၅ ပြားစေ့တွေ။ တစ်မတ် ပြည့်အောင် မုန့်ဖိုးရတဲ့ ရက်က
တော်တော် ရှားတယ်။ နေ့စဉ်လို ရတဲ့ မုန့်ဖိုးက ၁၀ ပြားနဲ့ ၅ ပြား ပေါင်းထားတဲ့ ၁၅ ပြား။
အိမ်ကနေ တစ်မတ်ပြည့်အောင် မုန့်ဖိုးပေးတဲ့ ရက်က လက်ချိုးရေလို့တောင် ရတယ်။ ကိုယ့်အတိုင်း
ကိုယ့်အထွာနဲ့ဆို တော့ ရသလောက်နဲ့ တင်းတိမ်ရတာပေါ့။ သူ့ခေတ်သူ့အခါက မူလတန်းကျောင်းသား
တစ်ယောက်အတွက် ၁၅ ပြားက လုံ လောက်တဲ့ မုန့်ဖိုးလို့ ပြောနိုင်တယ်။ ကျောင်းမုန့်ဈေးက
ရေခဲ ချောင်း ဝယ်စားလို့ ရတယ်။ မုန့်ဟင်းခါး ၁၅ ပြားတန် ရှိတယ်။ မုန့်ကြွပ် အဖြူအပြားလေးပေါ်မှာ
ကြာဇံကြော်လေး ထည့်ပြီး စားလို့ရသေးတယ်။ လက်ထဲက ငွေ ၁၅ ပြားနဲ့ အကုန်လုံး စား ချင်လို့တော့
မရဘူးပေါ့။ ၂ မျိုးလောက်တော့ စားလို့ ရခဲ့တယ်။
.
ကျောင်းသွားတဲ့ အချိန် ရုံးတစ်ခုမှာ အလုပ်လုပ်တဲ့ ဦးလေး နဲ့ ဆုံရင်တော့
အဲဒီနေ့ ဗိုက်ခွေးနမ်းတာပဲ။ ဦးလေးက တွေ့တိုင်း မုန့်ဖိုး အမြဲတမ်း ပေးနေကြ။ သူအမြဲတမ်း
တစ်မတ်၊ ငါးမူးပေး တယ်။ လက်ထဲ တစ်မတ်လောက် ရှိရင်တောင် စားချင်တာစိတ် ကြိုက် စားလို့ရတာ။
ဦးလေးဆီက ငါးမူးလောက် ရတဲ့ ရက်ဆို အိမ်က ပါတာနဲ့ ပေါင်းလိုက်ရင် ဘော်ဒါတွေနဲ့ ကျောင်းမုန့်ဈေး
မှာ အမုန်းဆွဲ။ ငါးပြား၊ ဆယ်ပြား၊ ဆယ့်ငါးပြား၊ တစ်မတ်၊ ငါးမူး နဲ့ အကြွေစေ့တွေ ရေးနေတာ
၂၀ အောက် လူငယ် စာဖတ် ပရိ သတ်တွေ ဖြစ်နေရင် မျက်စိလည်နေလောက်ပြီ ထင်ပါတယ်။ အခုခေတ်က
အကြွေစေ့လေးတွေ မရှိတော့ဘူး။ ရှိတဲ့ အကြွေ စေ့လေးတွေကလည်း မသုံးကြတော့ဘူး။ တချို့လည်း
သုံးလို့ မရတော့ဘူး။ အကြွေစေ့ ရှိတဲ့ လူတိုင်း အမှတ်တရ အဖြစ်ပဲ သိမ်းထားကြတော့တယ်။
အကြွေစေ့ ရှိခဲ့ဖူးတာ သိအောင်လို့ ပေါ့။
.
အဲဒီနေ့ကတော့ မိုးက တစ်နေကုန်ကို ရွာတာ။ သစ္စာ ရှိရှိ ကျောင်းဖွင့်တဲ့ရက်မှ
စရွေးကိုက်။ အမှန်တော့ အတော်ရှုပ်နေတဲ့ အခန်းက ကိုယ့်အထာနဲ့ကိုယ် အနုပညာ ဆန်တယ်ဆိုပြီး
မရှင်း ဘဲ ပစ်ထားခဲ့တာ။ လမ်းသလားလို့ မရတာရယ် ရေးစရာ လမ်း ပျောက်နေတဲ့ စာရယ် ပေါင်းပြီး
ရမယ် ရှာရှင်းလိုက်တယ် ဆိုပါ တော့။ ဖြစ်ချင်တော့ နှစ်ပေါင်း ဘယ်လောက်ကြာအောင် သိမ်း
ထားမှန်း မသိတဲ့ အကြွေစေ့လေးတွေက အခန်းထောင့် တစ်နေ ရာက ပြန်ထွက်လာတယ်။ ၂၀ အောက် ကလေးတွေကို
ဒီပိုက်ဆံ တွေ သွားပြရင် ပိုက်ဆံဆိုတာ ယုံကြမယ်တောင် မထင်ဘူး။ အ ခု ၅၀ တန် ၁၀၀ တန်တွေတော့
သုံးနေသေးတယ်။ စက္ကူ စာရွက် နဲ့ ပိုက်ဆံတွေ။ ၁၀၀ တန် ၅၀ တန် အကြွေစေ့လေးတွေကိုတော့
ဘယ်သူမှ မသုံးကြတော့ဘူး။ တစ်မတ်စေ့လေးတွေကိုတော့ မြင် ဖူးတဲ့လူ ရှိလိမ့်မယ်။ ဒါပေမဲ့
သုံးလို့ မရတော့ဘူး။ တစ်မတ်တန် ရောင်းကုန် မရှိတော့လို့။
No comments:
Post a Comment