ကိုဗစ်နဲ့ အဆစ်တိုးလာတဲ့ အော်လံတွေရဲ့ ဒုက္ခ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, July 22, 2020

ကိုဗစ်နဲ့ အဆစ်တိုးလာတဲ့ အော်လံတွေရဲ့ ဒုက္ခ


အောင်ဆန်းဝင်း
.
စာတစ်ပုဒ် ရေးတာ ၁၀၀၀၀ ရလိုက်၊ ၁၀၀၀၀ ကျော်တဲ့အခါ ရှိလိုက်၊ တစ်ခါတစ်ခါ ၁၀၀၀၀ တောင် မပြည့်တော့ ခင်ဗျားတို့ စာရေးတဲ့ အလုပ်က မမိုက်ပါဘူးဗျာ။ တစ်လ ၃၀၀၀၀ တောင် ဝင်ငွေ မရှိတဲ့ အလုပ်ကိုများ ခင်ဗျားတို့မို့ မက်မက်မောမော လုပ် နေကြတယ်။ ခင်ဗျား ရေးချင်တာ လျှောက်ရေးပြီး အခန့်မသင့်ရင် မော်စကို ဆိုတဲ့ ကျောင်းတော်ကြီးကိုလည်း သွားရနိုင်သေးတယ် ဗျ။ ဘာတဲ့ ခင်ဗျားတို့ အသိုင်းအဝိုင်းမှာပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ စာဖတ် ပရိသတ်ဟာ ခင်ဗျားတို့ ကျေးဇူးရှင်။ မှန်တာ ပေါ့။ စာရေးသူ တစ်ယောက်အတွက်တော့ စာဖတ်ပရိသတ်ဟာ ကျေးဇူးရှင်။ ဒါပေမဲ့ ခင်ဗျားသေသေချာချာ စဉ်းစားကြည့်။ အခု ခေတ်မှာ စာရွက်နဲ့ ဖတ်တဲ့ စာဖတ် ပရိသတ် များများစားစား မရှိတော့ဘူး။ ခင်ဗျားတို့ ရတဲ့ပိုက်ဆံက ရေးရကျိုးတောင် မနပ် လိုက်တာတဲ့။
.
ဝေဖန်သွားတာလား၊ လေကန်သွားတာလားတော့ မပြော တတ်။ ပြောသမျှ စကားလုံးတွေအတိုင်း ထောင့်စေ့အောင်သာ ပြန်ရေးပြရရင် ရေးလက်စ စာမူတောင် တစ်ခန်းရပ်သွားနိုင် တယ်။ တစ်လ ၃၊ ၄ သောင်းတောင် ဝင်ငွေ မရှိတဲ့ အလုပ်ကို ခင် ဗျားမို့ မက်မက်မောမော လုပ်နေတယ်တဲ့။ ဟုတ်တာပေါ့။ စာရေး တဲ့အလုပ်က သူပြောတဲ့အတိုင်း ကျုပ် အတွက် မြန်မာကျပ်ငွေ ၃၊ ၄ သောင်း ဝင်စရာအကြောင်းကို မရှိဘူး။ (စာမူတစ်ပုဒ်ကို ၃၊ ၄ သောင်း ပေးတဲ့နေ့တော့ မပြောတတ်ဘူးလေ)။ နောက် ပြော သွားသေးတယ်။ တစ်ချက်လောက် ချောက်ကျတာနဲ့ ကျောင်း တော်ကြီးထဲက စေတီကို ဘုရားဖူး ထွက်ရကိန်းလည်း ရှိတယ်။ အရပ်ထဲ သူသူငှာငှာ ပြောတာတော့ ငပိကြော်ပေါ့။ ဒါတောင် ဟေ့ကောင် မင်းက ဆေးပေါ့လိပ်လေး ကြုံသလို သွင်းပေး။ မင်း ကတော့ ငပိကြော်လေး တာဝန်ယူပေးလို့ မှာခဲ့ဦးမှ။
.
စာရေးသူတစ်ယောက်ဆိုတာ ခေတ်ကာလကို စီးမျောပြီး စာတွေ ရေးကြတယ်။ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး။ နောက်ထပ် အရေးပေါင်းစုံ။ ဝါရင့် သဘာရင့် ဆရာတွေကတော့ ရှေ့နောက် ချင့်ချိန်ပြီး ဖြစ်သင့်ကြောင်းရာတွေ ချပြကြတယ်။ တောင် မ ရောက်၊ မြောက်မရောက် စာပေသားပေါက်တွေကတော့ မြွေမ ကြောက် ကင်းမကြောက် လှော်ချင်သလို လှော်တာလည်း ရှိတာ ပေါ့။ ကိုယ်တွေလည်း ရေးသာ ရေး နေရတာ။ ဟိုပွတ်ဒီတွတ် လုပ်တာလေးတွေ ရှိတော့ ဘယ်အချက်နဲ့ ချောက်ချမယ်ဆိုတာ ကို ခပ်လန့်လန့်ရယ်။ ဆရာကြီး ဒေါက်တာအောင်ကျော်ကတော့ လူချင်း တွေ့တိုင်း ဆုံးမစကား ဆိုပါတယ်။ ရေးစရာရှိတာတော့ ရေး။ ဆောင်းပါးရိပ်ခြေလေးဖြစ်အောင်ရေး ဆိုတာမျိုးပေါ့။ အ ခုနောက်ပိုင်းတော့ တွတ်တွေ တည့်တွေ မရေးဖြစ်တာ ကြာ ခဲ့ပါပြီ။ ကိုဗစ် နှိပ်စက်လိုက်လို့ ရေးစရာတွေ ပျောက်ကုန် တာလည်း ပါ တာပေါ့။
.
ကိုဗစ် ခပ်ကြမ်းကြမ်း လည်ပတ်နေတဲ့ ကာလအတွင်း အစစ အရာရာ ရပ်ဆိုင်းသလောက် ဖြစ်ကုန်တယ်။ ပုံမှန်ရေးနေကျ ဂျာ နယ်လည်း ထုတ်ဝေခြင်း ခဏတာ ရပ်ဆိုင်းတယ်။ အကုန်ရပ်သ လောက် ဖြစ်တဲ့အထဲမှာ ကိုယ်ပါရောပြီး ပါသွားတယ်။ ဦးနှောက် တွေ ရပ်သလို ဖြစ်သွားတယ်။ ရေးနေတဲ့ လက်တွေက စာကြောင်း တွေ ဖန်တီးလို့ မရတော့ဘူး။ ဂျာနယ်ထွက်လို့ စာပြန်ရေးမယ် လုပ်တော့ တိုင်ပတ်ကုန်ရော။ မြင်တာ တွေ့တာလေးတွေ ရေး နေကြဆိုတော့ ဘာရေးလို့ ရေးရမှန်း မသိတော့ဘူး။ ဒါကြောင့် လည်း လူကြီးသူမတွေက ပြောကြတာ။ ဓားဆိုတာ အမြဲတမ်း သွေးနေမှတဲ့။ နှုတ်ဆက်ထားတဲ့ ဓားအိမ်ထဲက ဓားလို ငုတ်တုတ် ကြီး နေလိုက်တော့ ဦးနှောက်က သောက်သုံး မကျတော့ဘူး။ သူ့ ဟာသူ ဗစ်နေတဲ့ ကိစ္စ ကိုယ့်ဟာကို အိမ်ထဲမှာ ရေးလည်း ဖြစ်နေ တာပဲ။ ကိုယ့်အလုပ် ကိုယ်မလုပ်တော့ ခက်ကုန်တာပေါ့။
.

.
ဆရာကြီး မြသန်းတင့် စကားတစ်ခွန်း ရှိပါတယ်။ စာရေး ခြင်း အလုပ်ဆိုတာ ခဏတစ်ဖြုတ် လမ်းကြုံလို့ ဝင်လုပ်ရမယ့်အ လုပ်မျိုး မဟုတ်ဘူး။ အပျင်းပြေ ဝင်လုပ်ရမယ့် အလုပ်မျိုးမဟုတ် ဘူး။ အားအားယားယား ရှိလို့ ဝင်လုပ်ရမယ့် အလုပ်မျိုး မဟုတ် ဘူး။ တကယ့်ကို စွဲစွဲမြဲမြဲ လုပ်ရမယ့်အလုပ်၊ အချိန်မရွေး လုပ်ရ မယ့်အလုပ်၊ တစ်သက်လုံး လုပ်ရမယ့်အလုပ်တဲ့။ တောင်သမန် အင်းစောင်းမှာရှိတဲ့ ဆရာကြီးရဲ့ အထိမ်းအမှတ် ကျောက်စာတိုင် မှာလည်း ဒီစကားတွေကို ရေးထိုးကမ္ဗည်း တင်ထားပါတယ်။ စွဲ စွဲမြဲမြဲ ကိုယ့်အလုပ်ကို လုပ်နေရမယ့်ဟာကို ကိုဗစ်နောက်လိုက် ပြီး မယောင်ရာ ဆီလူးမိတော့ ဂွကျကုန်ရော။ ၂ လ ကျော် လောက် မသွေးဘဲ ထားတဲ့ ဦးနှောက်က တကယ် အလုပ်ပြန် လုပ်မယ်ကြံတော့ မှိုတက်ကုန်တယ်။ အချိန်မရွေး လုပ်ရမယ့် အလုပ်ကို‌ ပေါ့ပေါ့ဆဆ ထားခဲ့မိတဲ့ အကျိုးရဲ့ အပြစ်။
.
ကိုဗစ်ကာလအတွင်း ဘာတွေ ပြောင်းလဲသွားလဲဆိုတော့ လူတွေရဲ့ နေထိုင် ပေါင်းသင်းမှု ပုံစံပေါ့။ တစ်ဦးနဲ့ တစ်ယောက် ခပ်လှမ်းလှမ်းကနေ ခပ်တန်းတန်းပဲ ပြောဆို ဆက်ဆံကြတယ်။ ဒါတောင် ရင်းရင်းနှီးနှီး သိတဲ့ လူတွေလောက်ပေါ့။ အကုန်လုံးက မျက်နှာဖုံးတွေ တပ်ထားတော့ တော်ရုံလူဆို မမှတ်မိတော့ဘူး။ သူစိမ်းတွေနဲ့ တွေ့ရင် ပြောဆို ဆက်ဆံဖို့ နောက်တွန့်ကြတယ်။ ဘယ်နေရာက လာမှန်းမသိတော့ တစ်ဦးနဲ့ တစ်ယောက် ယုံ ကြည်မှုထားလို့ မရတဲ့ အနေအထားပေါ့။ နောက်ထပ် ထူးထူး ခြားခြား ပြောင်းလဲတာ တစ်ခုကတော့ ဈေးသည် တွေ။ လူတိုင်း ဈေးသည်တွေ ဖြစ်လာကြတယ်။ ဆိုင်ကယ်တွေ ကားတွေနဲ့ ဈေး ပတ်ရောင်းကြတယ်။ အွန်လိုင်းပေါ်ကနေ ကြော်ငြာပြီး လိုက်ပို့ ပေး တာတွေ ရှိတယ်။ စားသောက်ကုန်တွေပေါ့။ ကောင်းတာရှိ သလိုစိတ်ညစ်စရာ တချို့လည်းရှိတယ်လို့ မိတ်ဆွေတစ်ယောက် က ပြောတယ်။
.
ကိုဗစ်ဖြစ်တဲ့ နောက်ပိုင်းကာလအတွင်း မြို့တိုင်း အရပ်တိုင်း မှာ တစ်ပိုင်တစ်နိုင် ဈေးသည်တွေ များလာတော့ သေချာတယ်။ နဂိုရှိရင်းစွဲ ဈေးသည်တွေအပြင် ထပ်တိုးတွေ လမ်းမပေါ်မှာ အ များကြီး တွေ့ရသည်။ ရောင်းချတဲ့ ကုန်တွေ အမယ်စုံတယ်။ အ ဓိက ကတော့ စားသောက်ကုန်ပေါ့။ ဆိုင်ကယ်ရှိတဲ့ လူက ဆိုင် ကယ်နဲ့ လိုက်ရောင်းတယ်။ ကားရှိတဲ့ လူတွေ ကားနဲ့ မြို့ပတ် ရောင်းတယ်။ အနုပညာလောကထဲက မင်းသားမင်းသမီးတွေ တောင် ကိုယ်တိုင် ဟင်းချက်ရောင်းတဲ့လူ၊ တချို့က စားသောက် ကုန် လိုက်ရောင်းကြတယ်။ ပေါက်ပေါက်ရှာရှာ လမ်းဘေး ဖိနပ် ထိုင်ရောင်းတဲ့သူတွေလည်း ရှိသေးတယ်။ အိမ်အရောက်ပို့ စနစ် ဆိုတော့ လိုအပ်တဲ့ လူတွေအတွက် အဆင်ပြေသွားတာပေါ့။ အ ဆင်မပြေတာ တစ်ခုက ဈေးသည်တွေ အသုံးပြုနေတဲ့ အော်လံ။ ရောင်းကုန်တွေ တစ်သီကြီး အသံထွက်နေတဲ့ အော်လံ။
.
အခုနောက်ပိုင်း ဈေးရောင်းတဲ့ ဈေးသည် အများစုက ရောင်း ကုန်ပစ္စည်းတွေကို ပါးစပ်နဲ့ မအော်ဘဲ အသံသွင်းထားတဲ့အော် လံလေးတွေ အသုံးပြုလာကြပါတယ်။ ဟင်းရွက်စုံသည်လည်း အသုံးပြုတယ်။ ဟင်းထုပ်သည်လည်း အော်လံနဲ့။ အသားငါး ရောင်းချတဲ့ ကားလည်း ဒီအော်လံ။ ကြက်ဆီထမင်းနဲ့ ဒံပေါက် ရောင်းတဲ့ ဈေးသည်လည်း လူနဲ့ မအော်ကြတော့ဘူး။ ဈေးသည် တိုင်းလိုလို အသံသွင်းထားတဲ့ အော်လံကို အသုံးပြုလာကြတယ်။ သူ့ခေတ်နဲ့ အညီဆိုတော့ တစ်ယောက်လံတာနဲ့ အားလုံးလိုက် လံကြသည်ပေါ့။ တစ်ခုတော့ ရှိပါတယ်။ ကိုယ်အသုံးပြုတဲ့ပစ္စည်း က ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်ဖို့တော့ လိုအပ်ပါ တယ်။ ထိုက်သင့်တဲ့ အသံအတိုး အကျယ် ဖြစ်နေဖို့ လိုအပ်ပါ တယ်။ ပတ်ဝန်းကျင်နဲ့ အချိန်နာရီကို လိုက်ပြီး အသုံးပြုရမလား။ ရပ်နားထားရမလားဆိုတာ အလိုက်သိဖို့ လိုအပ်ပါတယ်။
.
ဘာဖြစ်လို့ ဒီလိုဆိုရလဲ ဆိုတော့ အလိုက်မသိတတ်တဲ့ ဈေး သည်တချို့လည်း ရှိနေလို့ပါ။ မနက် ၆ နာရီလောက်ဆို ကောက် ညှင်းပေါင်း၊ ပဲပြုတ်နဲ့ အကြော်စုံ ရောင်းချတဲ့ ဈေးသည်တစ် ယောက် ရပ်ကွက်ထဲ နေ့စဉ်ရောက်ပါတယ်။ (ကျန်တဲ့ ရပ်ကွက် တွေထဲလည်း ရောက်ပါလိမ့်မယ်)။ သူလည်း ဈေးရောင်းတဲ့ နေ ရာမှာ အသံသွင်းထားတဲ့ အော်လံကို အသုံးပြုပါတယ်။ သူ့အော် လံက ထွက်တဲ့ အသံက ဈေးသည်ရောက်လာပြီဆို သိဖို့ထက် ပို နေပါတယ်။ ရပ်ကွက်တစ်ခုလုံး ဆူညံပွက်လောရိုက်လောက် အောင် ဖြစ်နေပါတယ်။ သူ့ဝမ်းရေးအတွက် ဈေးရောင်းချတာ ကိစ္စ မရှိပါဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေ လောက်အောင် ဆူညံတာမျိုးကတော့ ပြောစရာ ဖြစ်နေပါတယ်။ ကိုယ့်လုပ်ရပ်ဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လား၊ မဖြစ် လား သတိပြုဖို့ အရေးကြီးပါတယ်။
.
သူဈေးရောင်းလာတဲ့ လမ်းတစ်လျှောက်မှာ ဘုန်းတော်ကြီး ကျောင်းတွေ ရှိပါတယ်။ သံဃာတော်တွေ ဘုရားဝတ် တက်နေ တဲ့အချိန်၊ ဘုရားမှာ ပန်းရေချမ်း ကပ်နေတဲ့ အချိန်နဲ့ တိုက်ဆိုင် ရင် ဘယ်လိုမှ အဆင်မပြေပါဘူး။ နောက် ရပ်ကွက်ထဲက အိမ် တွေမှာလည်း ဘုရားပန်း ဆက်ကပ်တဲ့ လူ၊ ဆွမ်းတော်တင်လှူနေ တဲ့လူတွေ ရှိနိုင်ပါတယ်။ အရပ်ပျက်လောက်အောင် ဆူညံတဲ့ အော်လံကို အသံပြုတဲ့ ဈေးသည်တွေ အနေနဲ့ ဆင်ခြင်ဖို့ သင့်ပါ တယ်။ အဲဒီကောက်ညှင်းပေါင်း ပဲပြုတ်နဲ့ အကြော်ရောင်းတဲ့ ဈေးသည်က မနက်တိုင်း ၆ နာရီကျော်လောက် ဆိုရင် ရပ်ကွက် ထဲ ရောက်လာတယ်။ သူ့အော်လံက ဖွင့်ထားတဲ့အသံက အ တော်ကြီးကို ဆိုးပါတယ်။ အဘွားတို့လို သက်ကြီးရွယ်အိုနဲ့ ကျန်း မာရေး မကောင်းတဲ့ လူတွေအတွက် တော်တော်ကြီးစိတ်အ နှောင့်အယှက် ဖြစ်ရတယ်။ ဆူညံတဲ့ အော်လံဒုက္ခကို မနက်တိုင်း ခံစားနေရတဲ့ အမယ်အိုတစ်ယောက်က ပြောတယ်။ ဆူညံတဲ့ အော်လံပိုင်ရှင်များ သတိပြုနိုင်စေဖို့ တတ်နိုင်သလောက် မောင်း ခတ် လိုက်ရပါကြောင်း။

No comments:

Post a Comment

Journal Download

Photo of three cats

About