“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁)ဟိုပန်ဟိုရွက်ဒေသတွင် မူးယစ်မှောင်ခိုအဖွဲ့နှင့် UWSA တို့ တိုက်ပွဲဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Sunday, June 28, 2020

“ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁)ဟိုပန်ဟိုရွက်ဒေသတွင် မူးယစ်မှောင်ခိုအဖွဲ့နှင့် UWSA တို့ တိုက်ပွဲဖြစ်ပွား

မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ ဟိုပန်ဟိုရွက်ဒေသ၊ “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁) တွင် ဇွန်လ ၂၆ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါး သယ်ဆောင်သည့် မှောင်ခိုအဖွဲ့တစ်ခုနှင့် UWSA တို့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားရာမှ UWSA “ဝ” တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးကာ လိုက်လံရှင်းလင်းရာမှ မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
.
.
“မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာပဲ မကြောက်မလန့် နယ်မြေဂိတ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ကိုသွားဖို့ ကြိုးစားတာကို မသင်္ကာလို့ အစစ်ဆေးခံဖို့ ပြောတော့ သေနတ်နဲ့ ပြန်ပစ်တာ တစ်ယောက်ထိသွားတယ်။ အဲဒီ ဒဏ်ရာနဲ့ပဲ တပ်ဖွဲ့ဝင် ကျဆုံးသွားတယ်။ တပ်ဖွဲ့တွေ အင်အားဖြည့်ပြီးလိုက်တော့ မူးယစ်ဆေးဝါးတွေ တွေ့ရှိ သိမ်းဆည်းရမိခဲ့တယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ရာမှာ ပေးဆပ်ရမှုပေါ့ဗျာ” ဟု “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁)ဆက်ဆံရေးအဖွဲ့မှ ဦးစံပိန်းက ပြောသည်။
.
မိုင်းဆတ်မြို့နယ်၊ ဟိုပန်ဟိုရွက်ဒေသအတွင်းရှိ တပ်မဟာ (၂၄၈) လက်အောက်ခံ တပ်ရင်း၏ လွယ်မော ထော်နှင့် ပုံတော လမ်းကြားတစ်ခုတွင် ဇွန်လ ၂၆ ရက်၊ နံနက် ၄ နာရီခန့်က “ဝ” လှုပ်ရှားတပ်ဖွဲ့မှ မူးယစ် ဆေးဝါး သယ်ဆောင်လာသည့် ဂိုဏ်းတစ်ခုကို တွေ့ရှိသဖြင့် အစစ်ဆေးခံရန် ပြောဆိုစဉ် မူးယစ် ဂိုဏ်းမှ သေနတ်ဖြင့် ရုတ်တရက် ပြန်လည်ပစ်ခတ်သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး UWSA “ဝ” တပ်ဖွဲ့မှ ပြန်လည် ပစ်ခတ်ရာ မူးယစ်ဂိုဏ်းမှ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသဖြင့် တပ်မဟာ (၇၇၅) နှင့် တပ်မဟာ (၂၄၈) တို့ အင်အားဖြည့်ပူးပေါင်းကာ နယ်မြေအတွင်း ပိုက်စိပ်တိုက် ဆက်လက်ရှာဖွေခဲ့ရာ ယင်း နေ့နံနက် ၉ နာရီအချိန်ခန့်၌ မူးယစ်ဆေးပြား ၁၀၅၂၁၉၂ နှင့် မက်သာဖက်ဒမင်း ၉၀ ထုပ်ကို ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။
.
ယခုကဲ့သို့ မူးယစ်ဆေးဝါး သယ်ဆောင်သည့် ဂိုဏ်းတစ်ခုအား ဖမ်းဆီးရမိမှုသည် ပြီးခဲ့သည့် မေလ ၁၄ ရက် က ဖမ်းဆီးရမိပြီးနောက်ပိုင်း ထပ်မံဖမ်း ဆီးရမိခြင်းဖြစ်ကြောင်း နှင့် တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးမှုသည်  ယခုနှစ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ကို နက်နဲသည့် အဓိပ္ပါယ်ဆောင်စေသည့်အပြင် ပို၍လည်း သွေးရောင် သမ်းစေခဲ့သည်ဟု UWSA မှ ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About