ဗျတ္တ
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံအနီးတွင်
စည်ပင်သာယာရေး ဌာန သန့်ရှင်းရေးဝန်ထမ်းများမှ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များကြောင့်
ဒေသခံများအတွက် သွားလာရေး အခက်အခဲ ဖြစ်ပေါ်နေပြီး ယာဉ်အန္တရာယ်/လမ်းအန္တရာယ် ဖြစ်ပေါ်လာမည်ကို
စိုးရိမ်နေရသည်ဟု သိရသည်။
.
.
ပြီးခဲ့သည့် မတ်လဆန်းပိုင်းအတွင်းက စည်ပင်သာယာရေးဌာနမှ ဂနိုင်ကန်လမ်း
အနောက်ဘက်ခြမ်း ပြုပြင် ထိန်းသိမ်းခြင်းနှင့် ရေမြောင်းလုပ်ငန်းများ ဆောင်ရွက်စဉ်က
ရေမြောင်းအတွင်းမှ ဆယ်ယူထားသည့် ယင်းအထပ်သား အဟောင်း အမှိုက်များအား လက်စသတ် သိမ်းဆည်းခြင်းမရှိဘဲ
လမ်းဘေး လူသွားစင်္ကြန် ပလက်ဖောင်းပေါ်တွင် စွန့်ပစ် ထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“ရေမြောင်းနဲ့ ပလက်ဖောင်း လုပ်ပြီးသွားတော့ ရေမြောင်းထဲက ပြန်ထုတ်ထားတဲ့
အထပ်သားအဟောင်း တွေကို မသိမ်းဘဲနဲ့ ဒီအတိုင်း ပလက်ဖောင်းပေါ်မှာ စွန့်ပစ်ထားခဲ့တာပါ။
လနဲ့ချီနေပြီး။ အမှိုက်သိမ်းကားတွေကို ယူသွားဖို့ ပြောတော့လည်း ဒီအမှိုက်တွေက ပစ်စရာနေရာ
မရှိလို့ မယူဘူးလို့ ပြောကြတယ်။ လမ်းပေါက်ဝကြီးမှာ ဖြစ်နေတဲ့အတွက် အမြန်ဆုံး ရှင်းလင်းပေးစေလိုပါတယ်”
ဟု ဝါးပြားလမ်းဆုံအနီး နေထိုင်သူ ဒေသခံတစ်ဦးက ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင်
ဦးဇော်ဝင်းထူးအား ကမ္ဘောဇ တိုင်းမှ ဆက်သွယ်မေးမြန်းရာတွင် “ဝါးပြားလမ်းဆုံကနေ နဂါးပွက်လမ်းဆုံအထိ
အနောက်မြို့ပတ်လမ်း အဆင့်မြှင့် တင်မှုလုပ်ငန်းက မပြီးသေးတော့ ကျွန်တော်တို့ကို လုပ်ငန်း
မအပ်သေးပါဘူး။ အဲဒါကိုတော့ သိမ်းရမယ့်တာဝန် ရှိပါ တယ်။ အင်ဂျင်နီယာတွေကို အမြန်ဆုံး
အကြောင်းကြားပြီးတော့ သိမ်းဆည်းဖို့ ဆောင်ရွက်ပေးပါမယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။
.
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း၊ ဝါးပြားလမ်းဆုံနေရာသည် ယာဉ်အသွားအလာ
များပြားသည့်အပြင် နေ့စဉ် နာရေးယာဉ်တန်းများ ဖြတ်သန်းဝင်ရောက်ရာ လမ်းဖြစ်သည့်အတွက်
ယင်းစွန့်ပစ်အမှိုက်များကို အမြန်ဆုံး ဖယ်ရှားရှင်းလင်းရန် လိုအပ်နေခြင်းဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment