တုံတာတွင် ဓါတ်အားလိုင်း လုပ်သားများ တင်ဆောင်လာသည့် ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ၍ ၂ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

တုံတာတွင် ဓါတ်အားလိုင်း လုပ်သားများ တင်ဆောင်လာသည့် ယာဉ်တစ်စီး ချောက်ထဲ ထိုးကျ၍ ၂ ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့တွင် ယနေ့ ဇွန်လ ၄ ရက်၊ နံနက်ပိုင်းက မဟာဓါတ်အားလိုင်း လုပ်ငန်းမှ လုပ်သားများတင်ဆောင်လာသည့် ယာဉ်တစ်စီး ချောက်ထဲထိုးကျတိမ်းမှောက်သဖြင့် ၂ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တုံတာနယ်မြေရဲစခန်းမှ သိရသည်။
.
Photo - Sandar Ko Ko
.
“အားလုံး ကျား ၂၈ ဦး၊ မ ၁ ဦး ပါလာတာမှာ ကျား ၂ ဦးသေတယ်။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးရုံမှာ ကုသ နေပါတယ်” ဟု တုံတာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်မင်းထိုက်က ပြောသည်။
.
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် မဟာဓါတ်အားလိုင်းသွယ်တန်းရာ၌ လာရောက်အလုပ်လုပ်ကိုင်သူများသည် ပန်ကျူ ဘက်မှ နေရပ်ပြန်လာစဉ် တုံတာမြို့အဝင် အရောက်တွင် အနက် ပေ ၅၀ ခန့်ရှိ ချောက်အတွင်းသို့ ယာဉ်ထိုးကျ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် အသက် ၃၈ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ အခြား အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးမှာ ဆေးရုံအရောက်တွင် ထပ်မံသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ဒဏ်ရာရတဲ့သူထဲမှာ ပေါင်ကျိုးလူနာ တစ်ယောက်ပါတယ်။ ကျန်တဲ့အမျိုးသမီးတစ်ယောက်ကတော့ ခေါင်းထိ တာပေါ့။ အားလုံး ဆေးကုသနေကြပါတယ်။ ဒဏ်ရာအရ လိုအပ်ရင် ကျိုင်းတုံဆေးရုံကို လွှဲပြောင်းကုသဖို့ ရှိပါမယ်” ဟု တုံတာဆေးရုံမှ အထက်တန်းသူနာပြုဆရာမကြီး ဒေါ်လဲ့ဝင်းကြည်ကလည်း ပြောဆိုခဲ့သည်။
.
အဆိုပါ အလုပ်သမားများမှာ သဲကုန်း၊ ရွှေတောင်၊ ပြည်၊ အောင်လံမြို့များမှ ဖြစ်ပြီး ရှမ်းအရှေ့မဟာဓာတ်အားလိုင်း တည်ဆောက်ရေးလုပ်ငန်းတွင် လာရောက်လုပ်ကိုင်နေသူများဖြစ်ကြကာ ယခု နေရပ်သို့ ပြန်စဉ် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများကို မသိရှိရသေးချေ။
.

No comments:

Post a Comment

Journal Download

Photo of three cats

About