ကညန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဇွန်လ ၈ ရက်မှ စတင်၍ ပြန်လည်ဆောင်ရွက်ပေးမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

ကညန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဇွန်လ ၈ ရက်မှ စတင်၍ ပြန်လည်ဆောင်ရွက်ပေးမည်


ထက်တိုင်းကျော်
.
COVID-19 ရောဂါ ကူးစက်မှုကြောင့် ရပ်နားထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဇွန်လ ၈ ရက်တွင် ပြန်လည်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
.
 
.
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးကာလအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးသင်တန်းနှင့် ယာဉ်မောင်းလိုင်စင် စစ်ဆေးဖြေဆိုခြင်းလုပ်ငန်းများကို မတ်လ ၂၃ ရက် တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကညန ရုံး ၉ ရုံး၏ ဝန်ဆောင်မှုလုပ်ငန်းများကို မတ်လ ၂၅ ရက် တွင်လည်းကောင်း၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ကညနရုံးခွဲများ၏ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်း များကို မတ်လ ၃၀ ရက်တွင်လည်းကောင်း  ရပ်နားထားရန် ညွှန်ကြားစာ ထုတ်ပြန်ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ခေတ္တ ဆိုင်းငံ့ထားသော လုပ်ငန်းများဖြစ်သည့် ယာဉ်မှတ်ပုံတင်လုပ်ငန်းများ၊ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး လုပ်ငန်းများနှင့် လုပ်ငန်းလိုင်စင်ဆိုင်ရာ ကိစ္စရပ်များအား ဇွန်လ ၈ ရက်မှ စတင်၍ ပြန်လည်ဆောင်ရွက်ရန် ညွှန်ကြား လာခြင်းဖြစ်ကြောင်း သိရသည်။
.
“ဇွန်လ ၈ ရက်မှာ ယာဉ်သက်တမ်းတိုးနဲ့ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးတာကို စပြီးတော့ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဇွန်လကနေ စက်တင်ဘာလအထိ ကာလအတွင်းမှာ သတ်မှတ်ဒဏ်ကြေးလွတ် လိုင်စင်သက်တမ်းတိုး ရက်တွေကို ကြေညာထားပါတယ်။ စိုးရိမ်စိတ်နဲ့ လူတွေ စုပြုံပြီး မလာစေချင်ပါဘူး” ဟု ကျိုင်းတုံမြို့ရှိ ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ရွှေက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယာဉ်သက်တမ်းတိုး ဆောင်ရွက်မှုနှင့် ပတ်သက်၍ မတ်လ၊ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးသည့် ယာဉ်များအား ဇူလိုင်လကုန်အထိ သက်တမ်းတိုး ဆောင်ရွက်နိုင်ပြီး မေလနှင့် ဇွန်လအတွင်း သက်တမ်းကုန်ဆုံးသည့် ယာဉ်များအား စက်တင်ဘာလကုန်အထိ သက်တမ်းတိုး ဆောင်ရွက်နိုင်ကာ ကျော်လွန်ပါက သတ်မှတ်ဒဏ်ကြေး ပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
.
ထို့အပြင် ယင်းရက်များအတွင်း ယာဉ်မောင်းလိုင်စင်နှင့် သက်တမ်းပြတ်ယာဉ်များလည်း သက်တမ်းတိုးခြင်း ဆောင်ရွက်နိုင်သော်လည်း အသစ်လျှောက်ထားမည့် ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်များ ပါဝင်ခြင်း မရှိသေးဘဲ အသစ်လျှောက်ထားခြင်းများအတွက် ဆောင်ရွက်ပေးမည့်ရက်ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About