တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ စိန်ပန်းရပ်ကွက်ဓမ္မာရုံအား ဖျက်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းရှိ စိန်ပန်းရပ်ကွက်ဓမ္မာရုံအား ဖျက်သိမ်း


နန်းဝင်းရီ၊ စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်ဓမ္မာရုံအား လမ်းနယ် နှင့် မလွတ်ကင်းသည့်အတွက် ယနေ့ ဇွန်လ ၈ ရက်၊ နံနက်ပိုင်းမှ စတင်ကာ ဖျက်သိမ်းဖယ်ရှားလျက်ရှိကြောင်း သိရသည်။
.
.
တောင်ကြီးမြို့နယ်စည်ပင်သာယာရေးဌာနမှ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်ရာတွင် စိန်ပန်းရပ်ကွက်၊ နယ်မြေ (၅)၊ ဒေါနလမ်းရှိ ယင်းအဆောက်အဦသည် လမ်းနယ်နိမိတ် ဧရိယာအတွင်းသို့ ကျရောက် နေသဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၈ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာရေးဌာနမှ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်သည်ဟု သိရသည်။
.
“သူတို့က လမ်းမြေကျူးကျော်တယ် ဆိုပြီးပြောပါတယ်။ ဒါပေမဲ့ ကျွန်မတို့က ၂၀၀၈ ခုနှစ် အရင် စည်ပင်အမှုဆောင် အရာရှိ ဦးအေးကို လက်ထက်မှာ နောက်ဆုတ်ထားပေးပြီးသားပါ။ အခုလို လာဖျက်တာကို စည်ပင်ကစာ မပါပါဘူး။ ရုံးကပဲ လာပါတယ်။ စည်ပင်က ကျွန်မတို့ကို လမ်းမြေကျူးကျော်ထားတယ် ဆိုပြီး စာလာပို့လို့ ကျွန်မတို့က စည်ပင်ကို အသနားခံစာ တင်ထားပါတယ်။ ကျွန်မတို့က စည်ပင်ရဲ့ ဆုံးဖြတ်ချက် အပေါ်မှာ မူတည်ပြီး လုပ်သင့်တာ လုပ်သွား မှာပါ” ဟု ယင်းစိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အောက်ထပ်တွင် ဈေးဆိုင်ခန်း ပိုင်ရှင်တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ အခြား အခန်းရှင် တစ်ဦးကလည်း “တရားရုံးမှာ အမှုဖြစ်တော့ ကျွန်တော်တို့က အမှုနိုင်ပြီးသားပါ။ စည်ပင်က ဖျက်ခိုင်းတာက အမိုးပဲလို့ ပြောပါတယ်။ အခု ရပ်ကွက်က လာဖျက်တော့ ၂ ခန်း ပါတယ်လို့ သိရပါတယ်။ အဆောက်အဦက ဆိုင်ခန်းရှင်တွေကပဲ ဆောက်ထား ရတာပါ” ဟု ပြောဆိုခဲ့သည်။
.

“အဓိက ကတော့ တောင်ကြီးမှာ ဆိုင်ကယ်တွေ၊ ကားတွေ အရမ်းများလာတော့ လမ်းလည်း ကျယ်စေချင်ပါတယ်။ ဒီအဆောက်အဦကလည်း လမ်းနဲ့ မလွတ်ကင်းတဲ့အတွက် မူဘောင်အတိုင်း ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်စိုးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်အစိုးရ၏ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင်မှု ပြုလုပ်ရာတွင် ယင်းအဆောက်အဦ တိုးချဲ့ဆောင်မှာ လမ်းနယ်နှင့် မလွတ်ကင်းသည့်အတွက် မိမိအစီအစဉ်ဖြင့် ရှင်းလင်းဖယ်ရှားပေးရန် တောင်ကြီးမြို့နယ်စည်ပင် သာယာရေးဌာနမှ စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဇွန်လ ၂ ရက်တွင် အကြောင်းကြားစာ ပေးပို့လာသည့် အတွက် သက်ဆိုင်သည့် ဈေးဆိုင်ခန်း ၂ ခန်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ၂ ကြိမ်တိုင်တိုင် ထပ်ဆင့်အကြောင်း ကြားစာ ပေးပို့ထားပြီးဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
လက်ရှိ ဇွန်လ ၈ ရက်၊ နံနက်ပိုင်းတွင် အဆောက်အဦ၏ အပေါ်ထပ် ရပ်ကွက် အရန်မီးသတ်ရုံး နေရာအား စတင် ဖျက်သိမ်းမှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ယင်းအောက်ထပ်ရှိ လူနေဆိုင်ခန်း ၂ ခန်းကိုလည်း ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats