တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ ဖမ်းမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တာချီလိတ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ လက်နက်ခဲယမ်းများ ဖမ်းမိ


မင်းဇော်မင်း
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် ဇွန်လ ၃ ရက်၊ ညနေပိုင်းက ကုန်တင်ယာဉ် ၂ စီးပေါ်မှ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံအား လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။
.
 
.
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၃ ရက်၊ ညနေ ၃ နာရီခန့်က တာချီလိတ်မြို့၊ မယ်ယန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ယာဉ်ဝင်ထွက်မှုအား စစ်ဆေးနေစဉ် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း ဟိန်းမင်းထိုက် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်နှင့် ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာသည့် ၆ ဘီးယာဉ် တို့အား စစ်ဆေးရာ ဟိန်းမင်းထိုက် မောင်းနှင်လာသည့် ယာဉ်နောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် အမှုန့်ကြိက်စက် ၁ လုံး၊ အပူပေးစက် ၃ လုံးနှင့် ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာသည့် ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်အကြီး ၁ လုံးတွင် အိတ်အသေး ၂ သောင်းခန့်ပါ ဆာလာအိတ် အကြီး ၆၉ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
.
သိမ်းဆည်းရမိပစ္စည်းများနှင့်ပတ်သက်၍ ယာဉ်မောင်း ၂ ဦးအား စစ်ဆေးချက်အရ  အဆိုပါ ကုန်ပစ္စည်းများအား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်နေ စိုင်းအောင်ခမ်း  ထံသို့ ပို့ဆောင်ပေးရမည်ဖြစ်ကြောင်း သိရှိရသဖြင့် စိုင်းအောင်ခမ်းအား ဖုန်းဆက်သွယ်ခေါ်ယူရာ မယ်ယန်းဂိတ်သို့ ညနေ ၄ နာရီတွင် ရောက်ရှိထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည် စိုင်းအောင်ခမ်း ငှားရမ်းနေထိုင်သည့်  တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ (၃) လမ်း၊ ရွှေနဂါးတိုက်တန်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ အိုက်စ် ၈၀၀ ဂရမ်ခန့်၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့် -၄၅ ပစ္စတို ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ အမ်-၁၆ ကျည်အိမ် ၆ ခု၊ ပွိုင့်-၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့်-၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမ လူဂါကျည် ၇၅ တောင့်၊ ပွိုင့်-၃၂ ကျည် ၁ တောင့်၊  ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့်သံမှိုလ် ၁၀၀၀ ချောင်းခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
အဆိုပါဖမ်းဆီးရမိသူများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်၊ခဲယမ်းများနှင့် မော်တော် ယာဉ်များအား တာချီလိတ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်း နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
.

Journal Download

Photo of three cats