မြို့တော် တောင်ကြီးကို ၃ နှစ်အတွင်း Smart City ဖြစ်အောင် ဖော်ဆောင်မည်ဟု ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 24, 2020

မြို့တော် တောင်ကြီးကို ၃ နှစ်အတွင်း Smart City ဖြစ်အောင် ဖော်ဆောင်မည်ဟု ရှမ်းပြည်နယ် စီမံ/ဘဏ္ဍာဝန်ကြီး ဆို


ကိုစိုး(ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမြို့ကို လာမည့် ၃ နှစ်အတွင်း Smart City ဖြစ်အောင် ဖော်ဆောင် သွားမည် ဖြစ်သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
.
ပြည်နယ်ဝန်ကြီးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တောင်ကြီးမြို့၏ အရှေ့အနောက် ဖြတ်လမ်းနှင့် ရေနုတ်မြောင်းများကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေပြီး လမ်းမပေါ် တွင် ကျူးကျော်နေသည့် ဈေးဆိုင်ခန်းများ၊ စနစ် မကျသည့် ဓါတ်တိုင်၊ ဖုန်းတိုင်များကို စနစ်တကျ ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့မဈေးကြီး ပတ်လည်ရှိ လမ်းများနှင့် တက်ခေတ်လမ်း၊ မဟာသုခလမ်း တို့ကို ကွန်ကရစ်လမ်း အဖြစ် အဆင့်မြှင့်တင်ပြီး ကျူးကျော် ဆိုင်များကို ရှင်းလင်းကာ သန့်ရှင်း သပ်ရပ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။
.

အလားတူ တောင်ကြီးမြို့တွင် ရေကြီးရေလျှံ မဖြစ်ပေါ်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် ရှမ်းပြည်နယ် လွှတ်တော်ကြား နေရာများကို သံတမန် ဧရိယာအဖြစ် အဆင့်မြှင့်တင်ခြင်းတို့ကို စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးက ရေးသားထားသည်။
.
ပြည်နယ်ဝန်ကြီး၏ ရေးသားမှုနှင့် ပတ်သက်၍ တောင်ကြီးဒေသခံ တစ်ဦးကမလွယ်ဘူးလို့ ထင်တာပဲ။ တစ်မြို့လုံးက လမ်းတွေကိုပဲ ကောင်းအောင်ခင်းဖို့က တော်တော်ကြီးကို လုပ်ယူရမှာ။ မြို့ပေါ်ရပ်ကွက် တချို့မှာ လမ်းတွေ စုတ်ပြတ်သတ်နေတာပဲ။ Smart City ဆိုမှတော့ တစ်မြို့လုံးကို ကြည့်မှရတယ်။ မြို့လယ်ခေါင်လေးကို ကွက် လုပ်ပြီးတော့မှ လက်ညိုး ထိုး ပြနေလို့တော့ မရဘူးဟု ၎င်း၏ အမြင်ကို ပြောဆိုခဲ့သည်။
.
ထို့အတူ တောင်ကြီးဒေသခံ စာရေးဆရာ ဒေါက်တာအောင်ကျော် ကလည်း “Smart City ဖြစ်ချင်ရင် အဓိက က အဆောက်အဦနဲ့ သန့်ရှင်းတာတို့ လှပတာတို့အပြင် သစ်ပင်တွေ ရှိဖို့ လိုပါတယ်။ လမ်းတွေက သစ်ပင်အရိပ် ရှိရမယ်။ အိမ်ဝိုင်းတွေ အိမ်ရှေ့တွေမှာ သစ်ပင် များများ ရှိရမယ်။ အဲဒီ သစ်ပင်များများ ရှိတာကို သူများနိုင်ငံက တန်ဖိုးထားတာ။ ဒီမှာက အဆောက်အဦကို တန်ဖိုးထားတယ်။ အဆောက်အဦတွေက အထပ်မြင့်သွားရင် လှပတယ်။ ဒီဇိုင်း ကောင်းတယ်၊ အရောင် လှတယ်၊ ခေတ်မီတယ်ပေါ့။ အဲ့ဒါကို Smart ဖြစ်တယ် ထင်ကြတာ။ အိမ်တိုင်းမှာ ဖြစ်နိုင်ရင် သစ်ပင် တစ်ပင်တော့ စိုက်သင့်တယ်။ နောက်ပြီး အေးသာယာ အတက်လမ်းက မိုးတွင်း ရေတံခွန်တွေကို ပြန် ထုတ်ဖော်ဖို့ လိုတယ်ဟု ပြောသည်။
.

တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကိုဇော်ဝင်းထူးကမူသူတို့ကတော့ စီမံကိန်းအနေနဲ့ စဉ်းစားထားတာ ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့မှာက Smart City ဖြစ်ဖို့ အတွက်ဆိုရင် သန့်ရှင်းရေးတွေ၊ အဆောက်အဦတွေ၊ လမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ၊ အဲဒီ အခြေခံ အဆောက်အအုံတွေ အကုန်လုံး စပြီး ညှိရမှာပေါ့။ အစိုးရ သက်တမ်းက ပြည့်ခါနီးပြီဆိုတော့ ဒီ Smart City က ဒီ အစိုးရ သက်တမ်း မကုန်ခင်မှာ ဆွဲနိုင် မှာလား၊ နောက်အစိုးရ လက်ထက်မှပဲ အကောင်အထည် ဖော်မလား ဆိုတာတော့ ရှိတာပေါ့ဟု ပြောသည်။
.
တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ကော်မတီအနေဖြင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက် အသီးသီးမှ ကျူးကျော် နေထိုင်သူများကို ရှင်းလင်း ဆောင်ရွက်နေလျက်ရှိပြီး နဂိုမူလ အိမ်ပိုင်ရှင်များ၏ ဂရန်နှင့် တိုက်ဆိုင် စစ်ဆေးခြင်း၊ အစိုးရမြေပေါ် ကျူးကျော်နေမှုများကို နောက်ဆုတ်ခိုင်းခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
တောင်ကြီးမြို့သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် လွှတ်တော်နှင့် ရှမ်းပြည်နယ် တရားလွှတ်တော်ရုံးများ စိုက်ရာ ပြည်နယ်မြို့တော် ဖြစ်ပြီး မြို့ပေါ်ရပ်ကွက် ၂၂ ခု ရှိကာ မြို့ပေါ်နေ လူဦးရေ ၁၀၄၈၄၇ ဦး ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဆိုင်ရာ အချက်အလက်များအရ သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats