ရွှေလီမြစ်ရေ အနီရောင်ပြောင်းလဲနေမှုကြောင့် ဒေသခံများ စိုးရိမ် - Kanbawza Tai News

Breaking

Boxed(True/False)

Friday, June 12, 2020

ရွှေလီမြစ်ရေ အနီရောင်ပြောင်းလဲနေမှုကြောင့် ဒေသခံများ စိုးရိမ်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့အနီး မြန်မာ-တရုတ်နယ်ခြားအဖြစ် သတ်မှတ်ထားသည့် ရွှေလီမြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍ အနီရောင်အဖြစ် ပြောင်းလဲကာ စီးဆင်းနေမှုကြောင့် ယင်းမြစ်အနီးရှိ ဒေသခံများမှ စိုးရိမ်ပူပန်မှုများ ရှိနေပြီး ဆန်းစစ်ချက်များ ပြုလုပ်လျက်ရှိကြောင်း မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

.

.

“မြန်မာနိုင်ငံဘက်ကို ရွှေလီမြစ် စီးဝင်တဲ့ ကောင်းခန်ရွာနားကစပြီး ရေက အနီရောင်ဖြစ်တာ စစ်ဆေးတွေ့ရှိရတယ်။ မိုးရေကြောင့် မြေသားပျော်ဝင်တယ် ဆိုရင်လည်း ဒီလိုမဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ဓါတုဆေးတစ်ခုခု ပျော်ဝင်နေတဲ့ အနေအထားမျိုး မြင်တွေ့ရလို့ ဆန်းစစ်ပေးဖို့ ခရိုင်ကို တင်ပြပြီး ပြည်ပရေးရာနဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မြစ်ရေသည် ဇွန်လ ၁၀ ရက်မှ စတင်၍ အရောင်ပြောင်းလဲမှု ဖြစ်ပွားလာခြင်းဖြစ်ပြီး ရေနမူနာ ရယူခြင်း၊ စောင့်ကြည့်ခြင်းများ ပြုလုပ်ခဲ့ရာ ကျင်စန်းကျော့ဘက်ရှိ ကောင်းခန်ရွာအနီး၊ မြန်မာနိုင်ငံဘက်သို့ ရွှေလီမြစ် စီးဝင် သည့်နေရာတွင် တရုတ်နိုင်ငံဘက်မှ စီးဝင်သည့် ရေများဖြစ်ကြောင်း တွေ့ရှိရသဖြင့် တရုတ်နိုင်ငံဘက်သို့ ဆန်းစစ်နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

.

“ကိုယ့်နိုင်ငံ နယ်မြေထဲမှာလား ဆိုပြီး ဆန်းစစ်တယ်။ ရွှေလီမြစ်ကမ်းဘေးက ပျော့ဖတ်စက်ရုံတွေကိုလည်း စစ်ဆေး တယ်။ နမ့်ပေါ်ချောင်းနဲ့ ချောင်းတွေ အရောင်ပြောင်းတာကို သေချာဆန်းစစ်ပြီး ရွှေလီမြစ်အောက်ဘက်က စိုက်ခင်း တွေကို လတ်တလော မြစ်ရေမသုံးစွဲကြဖို့ အကြောင်းကြားထားရတယ်။ အုပ်ချုပ်ရေးဘက်ကတော့ ဟိုဘက်ကို မေး ထားတယ်။ အခုချိန်ထိတော့ မသိရသေးဘူး။ ဒီဘက်မှာလည်း ဓါတုစွန့်ပစ်ရေတွေ မြစ်ထဲရောက်သလားဆိုပြီး စစ်တယ်။ ဒါပေမဲ့ မြစ်ရေနီတာကတော့ တရုတ်ဘက်က လာတာတွေ့ရပါတယ်” ဟု မူဆယ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်းက ပြောသည်။

.

ရွှေလီမြစ်ရေအရောင် ပြောင်းလဲမှုနှင့် ပတ်သက်၍ အဖွဲ့စုံဖြင့် လိုက်လံဆန်းစစ်ရာ စွမ်ဆော်ရပ်ကွက်၊ ခိုဝိန်းနယ်မြေ အတွင်းရှိ တရုတ်ရိုးရာ ပျော့ဖတ်စက်ရုံကို ရွာသားများမှ တိုင်ကြားသဖြင့် စစ်ဆေးချက်များပြုလုပ်ခဲ့ပြီး စက်ရုံမှ ထွက်ရှိ သည့် စွန့်ပစ်ရေများအား သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်မှုရှိ/မရှိ စစ်ဆေးနေကြောင်း သိရသည်။

.

“မြစ်ရေက နီနေတာ ၂ ရက်ရှိပြီ။ အတိတ်နိမိတ်လား၊ ဓါတုစွန့်ပစ်ရေတွေလားတော့ မသိဘူး။ မြင်ရတာ စိတ် မကောင်းဘူး။ နိမိတ်ဆိုရင်လည်း မကောင်းဘူး။ အဆိပ်သင့်ရေတွေဆိုရင်လည်း သုံးစွဲသူတွေအတွက် မကောင်းဘူး” ဟု တရုတ်နိုင်ငံ၊ ကြယ်ဂေါင်မြို့ရှိ မိုးမခဖောင်ဒေးရှင်းမှ ဒေါ်မိုးမခက ပြောသည်။

.

ရွှေလီမြစ်သည် တရုတ်နိုင်ငံ ကုန်းမြင့်ဒေသတွင် မြစ်ဖျားခံပြီး မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့ကို ဖြတ်သန်းစီးဆင်းကာ ကသာမြို့အနီးတွင် ဧရာဝတီမြစ်ထဲသို့ စီးဝင်သည့် မြစ်တစ်ခု ဖြစ်ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)