အထူးဒေသ (၄)တွင် Quarantine ဝင်ရောက်လာသူ ၁၅၁ ဦးကို မိုင်းယောင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ပို့ဆောင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

အထူးဒေသ (၄)တွင် Quarantine ဝင်ရောက်လာသူ ၁၅၁ ဦးကို မိုင်းယောင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ပို့ဆောင်


အားချာ၊ ကိုကိုနိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ (၄) နမ့်ပန်းတွင် Quarantine ဝင်ရောက်ခဲ့သူ ထိုင်းနိုင်ငံမှ နေရပ်ပြန် မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၅၁ ဦးကို ယနေ့ ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက မိုင်းယောင်းမြို့နယ်၊ မိုင်းယု-ကျိန်းယဲန်းတံတား တွင် လက်ခံဆောင်ရွက်ခဲ့ပြီး မိုင်းယောင်းမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ နေရပ်ပြန်မြန်မာအလုပ်သမားများအား ယနေ့ ဇွန်လ ၅ ရက်၊ နံနက် ၈ နာရီခွဲက မိုင်းယု-ကျိန်းယဲန်း တံတားပေါ်တွင် နမ့်ပန်းဒေသရဲတပ်အဖွဲ့မှ ရဲမှူး ချစ်ဆွေ ဦးဆောင်သည့်အဖွဲ့က လွှဲပြောင်းပေးအပ်ရာ မိုင်းယောင်း မြို့နယ် ပြည်နယ်လွှတ်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး တို့က လက်ခံကြိုဆိုခဲ့ပြီး မိုင်းယောင်းသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
.
ထို့နောက် မိုင်းယောင်းမြို့ အရောက်တွင် ယင်းနေရပ်ပြန်များအား မိုင်းယောင်းမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ တိုင်းဒေသကြီးများ၊ ပြည်နယ်များသို့ စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မျိုးဆက်သစ်ရောင်နီ ပရဟိတလူမှုကူညီရေးအသင်းဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ နိုင်ငံရေးပါတီများနှင့် ပြည်သူများက နေရပ်ပြန်များအတွက် ထမင်းထုပ်များ၊ သောက်ရေသန့်ဘူးများနှင့် ခေါက်ဆွဲခြောက်ထုပ်များ ပေးဝေခဲ့ကြသည်။
.
ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၁၅၁ ဦးမှာ အမျိုးသား ၉၅ ဦး၊ အမျိုးသမီး ၅၆ ဦး ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးမှ ၃ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၂၇ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၉ ဦး၊ ရခိုင်ပြည်နယ်မှ ၉၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၂ ဦး၊ ကချင်ပြည်နယ်မှ ၁ ဦးနှင့် ရှမ်းပြည်နယ်မှ ၁၂ ဦး ပါဝင်ကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်အတွင်းသို့ မေလ ၄ ရက်မှ ယနေ့ ဇွန်လ ၅ ရက်အထိ အထူးဒေသ (၄)တွင်  Quarantine ၂၁ ရက် ဝင်ရောက်ပြီး ပြန်လည်လွှဲပြောင်းလာသူ စုစုပေါင်း ၁၆၆၉ ဦး ရှိပြီး ၎င်းတို့ကို တောင်ကြီးမြို့မှတစ်ဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats