ရွှေညောင် Quarantine Center မှ အမျိုးသမီးတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရွှေညောင် Quarantine Center မှ အမျိုးသမီးတစ်ဦး နှလုံးရောဂါဖြင့် သေဆုံး

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ သုခချမ်းသာရပ်ကွက်ရှိ အမှတ် (၁) တည်းခိုရေးတပ် Quarantine Center တွင် ရောက်ရှိနေသော အမျိုးသမီးတစ်ဦးသည် ယနေ့ ဇွန်လ ၁၄ ရက်၊ နံနက်ပိုင်းက နှလုံးရောဂါဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

.

.

သေဆုံးသူမှာ ကျိုင်းတုံမြို့၊ မိုင်းယောင်းကျေးရွာနေ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ၎င်းသည် မြဝတီမြို့တွင် နေထိုင်စဉ်ကတည်းက နှလုံးရောဂါဖြင့် ဆေးရုံတက်ရောက် ကုသခံခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

.

“သူမြဝတီမှာ ဆေးရုံတက်တုန်းကတော့ နှလုံးရောဂါလို့ ပြောပါတယ်။ အဲဒီမှာလည်း SWAB ယူပြီး ဓါတ်ခွဲစစ်တော့ Negative ရထားပြီးပါပြီ။ မနေ့ည အထိလည်း အကုန်လုံး အကောင်းပါပဲ။ မနက်မှ ဆုံးတာ သိတာပါ။ ဘေးနားက လူတောင် မသိပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အဆိုပါ အမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်၍ အမှတ်(၁)တည်းခိုရေးတပ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ရွှေညောင်မြို့ အုပ်ချုပ်ရေးမှူး ဦးသက်ဦးမောင်၊ ရွှေညောင်နယ်မြေရဲစခန်းမှ ဒုရဲအုပ် မျိုးကိုကို နှင့် တပ်ဖွဲ့ဝင်များ၊ ရွှေညောင်တိုက်နယ် ဆရာဝန် ဒေါက်တာ လှိုင်းအိအိဖြူနှင့် ကျန်း မာရေးဝန်ထမ်းများမှ သေဆုံးသူ၏ ရုပ်အလောင်း အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.

သေဆုံးသူ အမျိုးသမီးသည် ဇွန်လ ၁၀ ရက်က ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၉ ဦးနှင့်အတူ ပြန်လည်ဝင်ရောက်လာသူတစ်ဦးဖြစ်ကြောင်း သိရသည်။

.

သေဆုံးသူ၏ နှာခေါင်း/အာခေါင် တို့ဖတ်နမူနာအား ရွှေညောင်တိုက်နယ်ဆရာဝန် ဒေါက်တာလှိုင်းအိအိဖြူ နှင့် ကျန်းမာရေးဝန်ထမ်းများမှ သီးသန့်ရယူကာ ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဌာနသို့ ဆက်လက် ပေးပို့ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats