မင်းမင်း
.
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) အနေဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်အထွေထွေ ရွေးကောက် ပွဲတွင် ရှမ်းပြည်နယ်အတွင်းရှိ ကျိုင်းတုံ၊ တာချီလိတ်နှင့် လားရှိုးမြို့နယ်များရှိ မဲဆန္ဒနယ်များတွင်
ပါဝင် ရွေးကောက်ခံ ယှဉ်ပြိုင် သွားရန် ရှိနေသည်ဟု သိရသည်။
.
.
“၂၀၂၀ ရွေးကောက်ပွဲမှာ ကျွန်မတို့ ဝင်ပြိုင်မယ်။
မဲဆန္ဒနယ်အပြည့်တော့ မဟုတ်ဘူး။ အခုလျာထားတာ ကတော့ ကျိုင်းတုံ၊ တာချီလိတ်နဲ့ လားရှိုးမှာ
ပြိုင်မယ်။ တောင်ကြီးကလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ရှမ်း ပြည်နယ်တောင်ပိုင်း ကတော့
မဲဆန္ဒနယ် အားလုံး ဖြစ်ချင်မှဖြစ်မယ်။ ကိုယ်စားလှယ်လောင်း လျှောက်လွှာ ကိုကြည့်ပြီးမှ
ဆုံးဖြတ်မှာပါ။ ဘယ်မဲဆန္ဒနယ်မှာ ဘယ်သူတွေ ဝင်ပြိုင်မယ်ဆိုတာ မစဉ်းစားရသေးဘူး” ဟု ပြည်သူ့ရှေ့ဆောင်ပါတီ
တောင်ကြီးမြို့နယ် ယာယီ စည်းရုံးရေးမှူး မရတနာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
ထို့အပြင် တောင်ကြီးမြို့နယ်မှ ပါဝင်ယှဉ်ပြိုင်ဖြစ်ပါက
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည် နယ်လွှတ်တော် မဲဆန္ဒနယ် ၂ ခုလုံးတွင်
ပါဝင်ယှဉ်ပြိုင်သွားရန် ရှိနေကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်
ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်းများ လက်ခံ ဆောင်ရွက် နေရဆဲဖြစ်သည့်အတွက်
ထိုရွေးကောက်ခံကိုယ်စားလှယ်လောင်းများ စာရင်းပေါ်မူတည်၍ နေရာချ ဝင်ရောက် ယှဉ်ပြိုင်
စေမည်ဖြစ်သည်ဟု သိရသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီသည် ပါတီ အမှတ်စဉ် (၁၂၂)
ဖြင့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၈ ရက်က နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်
ရရှိခဲ့သည့် ပါတီ တစ်ခုဖြစ်ပြီး ပါတီရုံးချုပ်ကို ရန်ကုန် တိုင်းဒေသကြီး၊
စမ်းချောင်း မြို့နယ် တွင် အခြေစိုက် ဖွင့်လှစ်ထားပြီး ရှမ်းပြည်နယ်အတွင်း တောင်ကြီး၊
ကျိုင်းတုံနှင့် တာချီလိတ်မြို့များ တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားကာ လားရှိုးမြို့တွင်လည်း
ပါတီရုံးခွဲ ဖွင့်လှစ်သွားရန် ရှိနေကြောင်း သိရသည်။
.
No comments:
Post a Comment