တောင်ကြီးတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးခွဲ ဖွင့်လှစ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 9, 2020

တောင်ကြီးတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ရုံးခွဲ ဖွင့်လှစ်


မင်းမင်း
.
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP ပါတီ) ၏ ရုံးခွဲကို ယနေ့ ဇွန်လ ၉ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းရှိ အဆိုပါပါတီရုံးခွဲတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
“ပြည်နယ်ရုံးတော့ မရှိသေးပါဘူး။ ရှမ်းတောင်မှာ တောင်ကြီးမြို့နယ်က ပထမဦးဆုံး စဖွင့်တာပါ။ ရွာငံ၊ ကလော၊ ပင်လောင်းနဲ့ အောင်ပန်းရုံးတွေကို ဇူလိုင်လနဲ့ ဩဂုတ်လအတွင်းမှာ ထပ်ဖွင့်သွားဖို့ လျာထားတယ်” ဟု ပြည်သူ့ ရှေ့ဆောင်ပါတီ တောင်ကြီးမြို့နယ် ယာယီစည်းရုံးရေးမှူး မရတနာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လူငယ် အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် ပူးပေါင်းပြီး နိုင်ငံတကာ စီးပွားရေး အခွင့်အလမ်းများ ပွင့်လန်းလာစေရေး၊ ရှမ်းပြည်နယ်အတွင်းမှ ဒေသထွက်ကုန်များ ဈေးကောင်းလာစေရေး၊ နိုင်ငံ တကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ၏ ရုံးခွဲများကို ရှမ်းပြည်နယ်အတွင်း တောင်ကြီးမြို့နယ်အပြင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့နယ်များ၌ ဖွင့်လှစ်ထားပြီးဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင်လည်း ရုံးခွဲ ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ တောင်ကြီးမြို့နယ်ရုံးတွင် လက်ရှိ၌ အလုပ်အမှုဆောင် ၉ ဦး ဖြင့် ဖွဲ့စည်းထားပြီး ပါတီဝင် ၅၀ ဦးခန့် ရှိကြောင်း သိရသည်။
.
ပြည်သူ့ရှေ့ဆောင်ပါတီ၏ နိုင်ငံရေးရည်ရွယ်ချက်မှာ နိုင်ငံတော် တည်ဆောက်ရေးတွင် အရည်အချင်းရှိသော၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသော နိုင်ငံသားများ လူမှန်၊ နေရာမှန် ပါဝင်လာခြင်းဖြင့် ငြိမ်းချမ်းသာယာ ဝပြောသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက်လာစေရေးအတွက် ရည်ရွယ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats