တောင်ကြီးတွင် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အသိပေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

တောင်ကြီးတွင် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အသိပေး


နန်းဝင်းရီ
.
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့၊ အရှေ့မြို့ပတ်လမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနီးတွင် ယနေ့ ဇွန်လ ၂ ရက် နံနက်ပိုင်းက မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် ဥပဒေ စာအုပ်များအား ဖြန့်ဝေပေးခြင်းကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
.
 
.
အဆိုပါ ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေတွင် မော်တော်ဆိုင်ကယ်များ၌ မီးထွန်းမောင်းရန်၊ ရှေ့မီး အနိမ့်အား မီးထွန်းမောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်း အသုံးမပြုရန် စသည့်အချက်မျာကို ပြဌာန်းထားကြောင်း သိရသည်။
.
ဒီနှစ် ဥပဒေမှာပါတဲ့ အကြောင်းအရာက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် လိုက်နာလာဖို့ အသိ ပညာပေးတွေ၊ လက်ကမ်းစာစောင်တွေ၊ ဥပဒေ စာအုပ်တွေ ဖြန့်ဝေ ဆောင်ရွက်လျက်ရှိတယ်။ မော်တော်ယာဉ် ဥပဒေနဲ့ ပတ်သက်ပြီး ပညာပေးတာတော့ ပထမဆုံး အကြိမ်ပဲ ဖြစ်ပါတယ်။ ပညာပေးကာလတော့ သီးခြား သတ်မှတ်ခြင်း မရှိပါဘူး။ သိသိသာသာကြီး ပြောင်းထားတာတော့ မရှိပါဘူး ဟု အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ ခွဲမှူး ရဲမှူး ထွန်းနိုင်အောင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ဆိုင်ကယ်တွေ မီးထွန်းမောင်းဖို့၊ ရှေ့မီး အနိမ့်ကို မီးဖွင့် မောင်းဖို့ လိုပါလိမ့်မယ်။ နောက် ကလေးတွေ ထိုင်တဲ့ ထိုင်ခုံ ဒါတွေ တပ်ဆင် အသုံးပြုတာ ပါလာတာ တွေ့ရပါတယ်။ ပြစ်ဒဏ်တွေ တိုးမြှင့်လာတာ တွေ့ရပါတယ်။ ဒီဥပဒေမှာ ပါတဲ့ အချက်တွေကို အဓိကက ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် နားလည်လာပြီးတဲ့ အချိန်မှ အရေးယူမှာပါ။ အဓိကက ဒီဥပဒေ အရင် ၁၉၈၉ ခုနှစ် နည်းဥပဒေကို ပြန်ပြီး သုံးရမှာပဲ ဖြစ်ပါတယ်။ ဟု ရဲမှူး ထွန်းနိုင်အောင်က ဆက်လက်ပြောကြားသည်။
.
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၆ ရက်က ပြည်ထောင်စု လွှတ်တော်မှ ဥပဒေအမှတ် (၆/၂၀၂၀) ပြဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေတွင် အခန်း ၁၅ ခန်း၊ ဥပဒေပုဒ်မ ၁၀၇ ခု ပါရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About