ညောင်ရွှေတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်ပို့ရောင်းချမှု ကန့်သတ်ခြင်းကို ၃ လ အထိ တိုးမြှင့် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ညောင်ရွှေတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်ပို့ရောင်းချမှု ကန့်သတ်ခြင်းကို ၃ လ အထိ တိုးမြှင့်

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသတွင် ဖြစ်ပွားနေသည့် ဝက်သေဆုံးမှုမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါ ဖြစ်ကြောင်း အတည်ပြုချက် ရရှိသဖြင့် ညောင်ရွှေမြို့နယ်အတွင်း ဝက်နှင့် ဝက်ထွက် ပစ္စည်း တင်ပို့၊ သယ် ဆောင်ရောင်းချမှု ကန့်သတ်ခြင်းကို ၃ လအထိ တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူးရုံးတွင် ဇွန်လ ၁၀ ရက်က ပြုလုပ်ခဲ့သည့် အာဖရိကဝက် အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

ညောင်ရွှေမြို့နယ်အတွင်း ဝက်သေဆုံးမှု ဖြစ်ပွားခဲ့သည့် ကျေးရွာ ၁၇ ရွာကို စောင့်ကြည့်နေရာမှ သပြေပင် ကျေးရွာတွင် သေဆုံးခဲ့သည့် ဝက်နမူနာများကို မန္တလေးသို့ ပို့ဆောင်ဓါတ်ခွဲစစ်ဆေးရာတွင် ဝက်အားနည်းရောဂါ (Porcine Circovirus Type-2) ဟုသာ သိရှိခဲ့ရသော်လည်း တောင်တိုကျေးရွာအုပ်စု၊ ဆီဆိုင်ကျေးရွာမှ နာမကျန်းဝက် နှင့် သေဆုံးဝက်တို့၏ သွေးနမူနာနှင့် ကိုယ်တွင်းအင်္ဂါ ဓါတ်ခွဲနမူနာများကို မန္တလေးမြို့၊ တိရစ္ဆာန်ရောဂါရှာဖွေရေး ဓာတ်ခွဲခန်း၌ စစ်ဆေးခဲ့ရာ အာဖရိကဝက်အပြင်းဖျားရောဂါဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇကို မော်လီကျူလာနည်းပညာ(Real Time PCR) ဖြင့် စစ်ဆေးတွေ့ရှိရသဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ထုံးလုပ်နည်းများအရ ကမ္ဘာ့တိရိစ္ဆာန် ကျန်းမာရေး (OIE) သို့ အစီရင်ခံစာပေးပို့ခဲ့ပြီး ညောင်ရွှေမြို့နယ်အတွင်း ရောဂါထိန်းချုပ်ရေးအစီအမံများ၊ ဆောင်ရွက်ခြင်းနှင့် ၃ လခန့် ရောဂါစောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများကို စနစ်တကျဆက်လက်ဆောင်ရွက်သွားဖြစ်ကြောင်း ညောင်ရွှေ မြို့နယ် အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့ဝင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်မင်းထွန်းက ပြောသည်။

.


“ပထမ တစ်ရွာကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး လုပ်ဆောင်ရာကနေ အခု ထပ်အတည်ပြုတဲ့ အာဖရိကဝက် အပြင်းဖျား ရောဂါအတွက် လုပ်ထုံးလုပ်နည်းများအတိုင်း ဆေးခတ်တာ၊ သန့်ရှင်းရေးပြုလုပ်တာ၊ အချိန်မီ သတင်းပို့တာတွေကို  ဆက်လက်လုပ်ဆောင်နေပါတယ်။ ရောဂါအခြေအနေအပေါ်မှာ တစ်လကြာဆန်းစစ်မှုဆိုတာ မျိုးလုပ်ဆောင်ပြီး ရောင်းချတာကို ဖြေလျှော့သွားနိုင်ပေမဲ့ တင်သွင်းတာ၊ သယ်ဆောင်တာကတော့ ၃ လ ကန့်သတ်မှာဖြစ်ပါတယ်” ဟု ဒေါက်တာ အောင်မင်းထွန်းက ပြောသည်။

.

လက်ရှိအချိန်အထိ အင်လေးဒေသတွင် သေဆုံးဝက်ကောင်ရေ ၄၉၅ ကောင်ကို စစ်ဆေး တွေ့ရှိပြီးဖြစ်ကာ ကျေးရွာအုပ်စု ၂၄ အုပ်စု၊ ကျေးရွာပေါင်း ၁၃၅ ရွာကို စစ်ဆေးဆောင်ရွက်ပြီး  ဖြစ်ကြောင်းနှင့် အသိပညာပေးခြင်း၊ မွေးမြူရေးခြံများကို စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အဆိုပါရောဂါမှာ ထိရောက်သော ကုသဆေးမရှိသေးကြောင်းနှင့် လူကို ကူးစက်ခြင်းမရှိကြောင်း သိရသည်။

.

အာဖရိက ဝက်အပြင်းဖျားရောဂါမှာ ၁၉၀၇ ခုနှစ်က အာဖရိကတိုက် ကင်ညာနိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ထိုမှတစ်ဆင့် ဥရောပ၊ အမေရိကတိုက်များသို့ ပြန့်နှံ့ခဲ့ကာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လပထမပတ်တွင် တရုတ်နိုင်ငံသို့ ပျံ့နှံခဲ့ပြီး ဝက်အများအပြား သေဆုံးခဲ့ကြောင်း သိရသည်။

.

အဆိုပါရောဂါကြောင့် ညောင်ရွှေမြို့နယ်နှင့် ဆက်စပ်နေသည့် မြို့နယ် ၉ ခုတွင်လည်း ဝက်နှင့် ဝက်ထွက် ပစ္စည်း တင်ပို့ရောင်းချမှုကို ယာယီကန့်သတ်တားမြစ်ထားကြောင်း သိရသည်။

Journal Download

Photo of three cats