တောင်ကြီးအပါအဝင် မြို့နယ် ၈ ခုတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုအား ယာယီပိတ်ပင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, June 3, 2020

တောင်ကြီးအပါအဝင် မြို့နယ် ၈ ခုတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုအား ယာယီပိတ်ပင်


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်ဒေသ၊ ညောင်ရွှေမြို့နယ်တွင် ဝက်အားနည်းရောဂါ (Porcin e Circovirus Type-2) ဖြစ်ပွားမှုကြောင့် ဝက်ကောင်ရေ ရာနှင့်ချီကာ သေဆုံးမှုများ ရှိနေသဖြင့် တောင်ကြီးမြို့အပါအဝင် ဆက်စပ် မြို့နယ် ၈ ခုတွင် ဝက်နှင့် ဝက်ထွက်ပစ္စည်း တင်ပို့ရောင်းချမှုကို ယာယီကန့်သတ်ပိတ်ပင်လိုက်ကြောင်း ရှမ်းပြည်နယ် ဝက်အာဖရိကအပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်ဟု သိရသည်။
.
 
.
အဆိုပါ ညွှန်ကြားချက်ကို ၊ဇွန်လ ၁ ရက်က ပြုလုပ်ခဲ့သည့် ပြည်နယ်အဆင့် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) ဆုံးဖြတ်ချက် အရ ညောင်ရွှေမြို့နယ်နှင့် နယ်မြေချင်း ဆက်စပ်နေသည့် တောင်ကြီး၊ ကလော၊  ရပ်စောက်၊ ဖယ်ခုံ၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ ပင်းတယနှင့် ရွာငံ မြိုနယ်တို့တွင် တစ်မြို့နယ်မှ တစ်မြို့နယ်သို့လည်းကောင်း အဆိုပါ မြို့နယ်များမှ ပြင်ပဒေသများသို့ လည်းကောင်း၊ ဝက်နှင့်ဝက်ထွက်ပစ္စည်းများ တင်သွင်း၊ သိုလှောင်၊ ရောင်းချမှုများကို ဇွန်လ ၁ ရက် မှစ၍ ယာယီကန့်သတ် တားမြစ်လိုက်ကြောင်း သိရှိရသည်။
.
“၄ လပိုင်းလောက်ကတည်းက သေနေတယ်လို့ဆိုပေမဲ့ မတွေ့ရပါဘူး။ မေလထဲမှာတော့  သတင်းအရ ရောဂါ ဖြစ်နေတဲ့ ဝက်ရဲ့ အစိတ်အပိုင်းတွေကို မန္တလေးကို ဓာတ်ခွဲပို့တယ်။ ပြန်ကြားချက်အရ ဝက်အားနည်းရောဂါ PCV-2 ဆိုတာသိရတယ်။ ကျေးရွာတွေကို ရောဂါထိန်းချုပ်နိုင်အောင် ပညာပေးမှုတွေ၊ ဆေးဖြန်းဖို့တွေ၊ လက်ကမ်း စာစောင်တွေနဲ့ ရောဂါရဲ့အကြောင်းတွေကို ရှင်းလင်းပြောကြားနေကြပါတယ်။ အခုဆိုရင် ကလော၊ ရပ်စောက်က ဆရာဝန်တွေ အဖွဲ့ ၃ ဖွဲ့နဲ့ တခြားပတ်ဝန်းကျင်ရွာတွေ မှာ ပြန့်ပွားကူးစက်မှုမဖြစ်အောင် ဆောင်ရွက်နေပါတယ်” ဟု ညောင်ရွှေမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မင်းထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
 ကွင်းဆင်းစစ်ဆေးချက်အရ ညောင်ရွှေမြို့နယ်အတွင်းမှ ကျေးရွာအုပ်စု ၄ စုရှိ ကျေးရွာပေါင်း ၁၇ ရွာတွင် ဝက်ကောင်ရေ ၄၆၈ ကောင် သေဆုံးခဲ့သည့်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။
.
သေဆုံးဝက်များကို စနစ်တကျ မြေမြှုပ်ရန်၊ ဝက်ကာကွယ်ဆေးကို သက်ဆိုင်ရာရောဂါများအလိုက် ထိုးနှံရန်၊ ဝက်မွေးမြူရေးခြံများ သန့်ရှင်းရန်၊ လေဝင်လေထွက်ကောင်းမွန်ရန်နှင့် ဝက်အစာများကို အစာကြွင်းအစားကျန်များ တွင် မသန့်ရှင်းသည့် အသားများ ပါဝင်ခြင်းမရှိစေရေးနှင့် အစာသန့်များကျွေးမွေးကြရန်၊ ရောဂါဖြစ်ပွားလျှင် အချိန်နှင့် တပြေးညီသတင်းပို့ခြင်းဖြင့် လူထုမှပူးပေါင်းပါဝင်ပေးကြရန် တို့ကို ကွင်းဆင်းပညာပေးလျက်ရှိကြကြောင်းသိရသည်။
.
“ဌာနအနေနေနဲ့ ဝက်နဲ့ဝက်ထွက်ပစ္စည်းတွေ ရောင်းချသယ်ဆောင် ခြင်း မပြုလုပ်ဖို့နဲ့ ဝက်သားသတ်လုပ်ငန်း အသား ထုတ်လုပ်ရောင်းချခွင့်လက်မှတ် ထုတ်ပေးထားတဲ့ လိုင်စင်စီများအနေနဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာလုပ်ဆောင် သွားဖို့ အကြောင်းကြားထားသလို ပြည်သူတွေကိုလဲ အသိပေးနေပါတယ်” ဟု ညောင်ရွှေမြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်မာမြင့် က ပြောသည်။
.
အဆိုပါ ဝက်အားနည်းရောဂါ (Porcin e Circovirus Type-2 ) မှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရသဖြင့် ကုသဆေး မရှိဘဲ တောဝက်များတွင် အဖြစ်များသည့်ရောဂါဖြစ်ပြီး အစာမစားခြင်း၊ အပြာကွက်များထခြင်း၊ ရောဂါပြင်းထန်ပြီး ရုတ်တရက် သေဆုံးခြင်း၊ စသည့် လက္ခဏာများတွေ့ရှိရကာ ဝက်အချင်းချင်းသာကူးစက်ပြီး လူသို့ကူးစက်နိုင်ခြင်း မရှိကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About