ဂုတ်တွင်းလမ်း ကုလားမကွေ့တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဂုတ်တွင်းလမ်း ကုလားမကွေ့တွင် ခရီးသည်တင်ယာဉ်တစ်စီး ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဂုတ်တွင်းကားလမ်းရှိ ကုလားမကွေ့တွင် ယနေ့ ဇွန်လ ၁၇ ရက်၊ နံနက်ပိုင်း က မကွေး-လားရှိုး ပြေးဆွဲနေသည့် ခရီးသည်တင်တစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျ တိမ်းမှောက်မှုကြောင့် ၃ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောင်ချိုမြို့အခြေစိုက် ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းထံက သိရသည်။
.
 
.
“အခင်းဖြစ်နေရာမှာ ဒရိုင်ဘာ အပါအဝင် ကျား ၂ ဦးဆုံးတယ်။ ဆေးရုံရောက်တော့ မ တစ်ဦး ထပ်ဆုံးတယ်။ ကျန်တဲ့ သူတွေကို နောင်ချိုဆေးရုံပို့တယ်။ အဲဒီကနေ ပြင်ဦးလွင်ကို ထပ်ပို့ရတယ်။ ခေါင်းထိပြီး စိုးရိမ်ရတဲ့ သူကို မန္တလေးအထိ ထပ်ပို့ရပါမယ်။ ကားပိုင်ရှင် အုံနာကိုယ်တိုင်ပါတယ်။ ဒရိုင်ဘာက ကားမမှောက်ခင် ဘရိတ်မရတော့ဘူးဆိုပြီး ပြော သွားတယ်လို့ ဆိုတယ်” ဟု ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးချိုတူးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မကွေးမြို့မှ လားရှိုးမြို့သို့ မကွေး၊ မင်းဘူး၊ ကျောက်ပန်းတောင်းမြို့နေ ခရီးသည် ကျား ၁၁ ဦး၊ မ ၅ ဦး၊ စုစုပေါင်း ခရီးသည် ၁၆ ဦးတို့ကို တင်ဆောင်လာသည့် မင်းသားကြီး ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်သည် ဇွန်လ ၁၇ ရက်၊ နံနက် ၃ နာရီခွဲ အချိန်ခန့်က နောင်ချိုမြို့နယ်၊ ဂုတ်တွင်းလမ်းရှိ ကုလားမကွေ့တွင် ဘရိတ်ပေါက်ကာ လမ်း၏ဝဲဘက် ပေ ၁၅၀ ကျော်နက်သည့် ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက် ခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်နေရာတွင် ယာဉ်မောင်းနှင့် ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ကျန် ၁၄ ဦးကို နောင်ချိုဆေးရုံသို့ တင်ပို့ခဲ့ရာ ဆေးရုံအရောက်တွင် အမျိုးသမီးတစ်ဦး ထပ်မံ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူများအနက် စိုးရိမ်ရသူ ၈ ဦးကို ပြင်ဦးလွင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ပြီး ဦးခေါင်း ထိသူ ၃ ဦးအနက် စိုးရိမ်ရသူ တစ်ဦးကို မန္တလေးသို့ ဆက်လက်လွှဲပြောင်းကုသရန် ပို့ဆောင်ပေး လျက်ရှိကြောင်း ၎င်း ထံက သိရသည်။
.
အခင်းဖြစ်ရာ ချောက်အတွင်း ကြားအဆင့်နေရာများ၌ တင်ကျန်ရစ်သူ ၂ ဦးအား ခက်ခက်ခဲခဲ ကယ်ဆယ် ခဲ့ရသဖြင့် ကယ်ဆယ်ချိန် စုစုပေါင်း နံနက် ၄ နာရီမှ ၈ နရီအထိ ကြာမြင့်ခဲ့ကြောင်းနှင့် ယင်း ကူညီ ကယ်ဆယ်မှုကို နောင်ချိုမြို့ အခြေစိုက် စေတနာမွန်လူမှုကူညီရေးအသင်း၊ ဖြူစင်မေတ္တာလူမှုကူညီ ရေးအသင်း၊ နောင်ပိန်မှ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်းတို့မှ စုစုပေါင်း ကား ၉ စီးဖြင့် လည်းကောင်း၊ လူနာပို့ဆောင်ရာတွင် ဂေါ်ရခါးလူမှုကူညီရေးအသင်း၊ မွန်မြတ်စေတနာလူမှုရေးအသင်း တို့မှ ကား ၈ စီး၊ လူမှုရေးအဖွဲ့ဝင် ၄၀ ဦးခန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ဝိုင်းဝန်း ကူညီ ကယ်ဆယ်ခဲ့ကြကြောင်း သိရသည်။
.
ထို့နောက် တာဝန်ရှိသူများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ တိမ်းမှောက်နေ သည့် ယာဉ်ပေါ်မှလူနာခရီးသည်ပစ္စည်းများ အပါအဝင် ကားအား ရှင်းလင်းရေးအတွက် ဆက်လက် လုပ်ဆောင်လျက်ရှိကြကြောင်း သိရသည်။
.

Journal Download

Photo of three cats