ဒေသတွင်းထွက်ရှိသည့် သဘာဝမှိုများကြောင့် မွေးမြူရေးမှိုဈေးကွက်ကို ထိခိုက်စေမည် မဟုတ်ဟု ဆို

ထမံသီ
.
မိုးရာသီကာလအတွင်းထွက်ရှိသည့် ဒေသတွင်း သဘာဝမှိုများ ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မွေး မြူရေးမှို ဈေးကွက်ကို ထိုက်ခိုက်စေနိုင်မည်မဟုတ်ကြောင်း မွေးမြူရေးမှို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူများ ထံက သိရသည်။
 .
.
စားသုံးသူများ၏ ကျန်းမာရေး အသိဖြင့် အန္တရာယ်ကင်းသော မွေး မြူရေး မှိုများကို ရွေးချယ်စားသုံး တတ်လာမှုကြောင့် ယင်းကဲ့သို့ မွေးမြူ ရေးမှို ဈေးကွက်ကို ထိခိုက်စေမည် မ ဟုတ်ကြောင်း တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် မွေးမြူရေးမှို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သူ  ကို ကျော်သူရက ပြောသည်။
.
“မိုးဦး၊ မိုးလယ်၊ မိုးနှောင်းတွေ မှာ ပေါ်တတ်တဲ့ ဒေသထွက်မှို တွေက စားရတာ ပိုအရသာ ရှိကောင်း ရှိလိမ့် မယ်။ ဒါပေမဲ့ အဆိပ်အတောက်ပြင်း သလို တခြားအစားအသောက်တွေနဲ့ ရောနှောစားရာမှာလည်း အလွန်သ တိထားရတယ်။ တစ်ချက်မှားသွား ရင် ဆေးမီဖို့ မလွယ်ဘူး။ နှစ်စဉ် အဲဒီ တောတောင်ထဲက သဘာဝမှိုတွေကို စားသုံးမိလို့ အသက်ဆုံးရှုံးရသူတွေ၊ လူစဉ်မမီ ဖြစ်သွားသူတွေ၊ မိသားစု လိုက်ပျက်စီးခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော်တို့ မွေးမြူရေးမှိုက ကမ္ဘာ က အသိအမှတ်ပြုထားတဲ့မှိုအမျိုး အ စားတွေပါ။ အော်ဂဲနစ်သီးနှံ တစ်ခုဖြစ် သလို အဆိပ်အတောက်လည်း ကင်း ပါတယ်”ဟု လားရှိုးမြို့နယ်မှ မွေးမြူ ရေးမှို စိုက်ပျိုး ထုတ်လုပ်သူတစ်ဦး ကလည်း ပြောဆိုခဲ့သည်။
.
မွေးမြူရေးမှိုကို မျိုးစေ့ထုတ် လုပ်၍ စိုက်ထုပ်ဝယ်ယူစိုက်ပျိုးခြင်း နှင့် မျိုးကိုယ်တိုင် ထုတ်လုပ်စိုက်ပျိုး ခြင်းဟု နှစ်မျိုးဖြင့် စိုက်ပျိုးကြပြီး စင်တင်၊ ကြိုးဆွဲစနစ် ၂ မျိုးအသုံး ပြုစိုက်ပျိုးကြောင်း သိရသည်။
.
မွေးမြူရေးမှို အမျိုးအစား များ စွာ ရှိသည့်အနက် ကောက်ရိုးမှို၊ ငွေမိုး မှို၊ ငွေနှင်းမှို၊ မှိုရွှေညို(ခေါ်) ကြွက် နားရွက်မှို အထူ/အပါး၊ ကြွက်နားရွက် မှိုအဖြူတို့ကို အများဆုံး စိုက်ပျိုးပြီး၊ ကျန်းမာရေး အထောက်အကူ ပြုအစို ဓါတ်၊ အဆီဓါတ်၊ အသားဓါတ်၊အမျှင် ဓါတ်၊ ပြာဓါတ်၊ ကစီဓါတ်၊ ကယ်လိုရီ၊ ထုံးဓာတ်၊ မီးစုန်းဓာတ်၊ သံဓာတ်နှင့် ဗီတာမင်တို့ ပါဝင်ကြောင်း သိရသည်။
.
မွေးမြူရေးမှို တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ကျပ် ၄၀၀၀ အထိ ပေါက်ဈေးရှိပြီး တောင်ကြီး၊ အေး သာယာ၊ ရွှေညောင်၊ ရပ်စောက်၊ အောင်ပန်းနှင့် လားရှိုးမြို့များတွင် အများဆုံး စိုက်ပျိုးထုတ်လုပ်ကြကာ ပြည်တွင်းဈေးကွက်သို့ နေရာအနှံ့ တင်ပို့လျက်ရှိကြောင်း သိရသည်။
.
မွေးမြူရေးမှိုများကို ပြည်ပနိုင်ငံ များတွင် သက်သတ်လွတ်စား သုံးသူ များအကြား အထူး ရေပန်းစားပြီး အသား၊ ဥအမျိုးမျိုးနှင့် ရောနှော၍ သော်လည်းကောင်း၊ မှိုစိမ်းသုပ်၊ မှို ကြော်၊ မှိုသုပ် စသည်ဖြင့် အမျိုးမျိုး စားသုံးနိုင်ကာ တာရှည်အထား ခံနိုင် ရန် စည်သွပ်ခြင်း၊ အခြောက်ခံခြင်း၊ မှိုငါးသိပ်ခြင်း၊ မှိုချဉ်တည်ခြင်း၊ ဆား ရည် စိမ်ခြင်းတို့ဖြင့် စီမံထားနိုင် ကြောင်း သိရသည်။
.

Comments