မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့ဝင်/ထွက်ဂိတ်များ ကန့်သတ်ထားမှုကို ဖြေလျှော့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, June 2, 2020

မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့ဝင်/ထွက်ဂိတ်များ ကန့်သတ်ထားမှုကို ဖြေလျှော့


စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်အတွင်းရှိ မြို့များတွင် ဇွန်လ ၁ ရက်မှ စတင်၍ မြို့အဝင်အထွက် ကန့်သတ် ထားမှုများကို စတင်ဖြေလျှော့ပေးခဲ့သည်ဟု သိရသည်။
.
 
.
မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ဧပြီလ ၁၄ ရက်မှ စတင်၍ မြို့ဝင်/ထွက်ဂိတ်များအား ည ၇ နာရီမှ နံနက် ၇ နာရီအထိ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁ ရက်မှ စတင်၍ ည ၁၂ နာရီမှ နံနက် ၄ နာရီသို့ ဖြေလျှော့ ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
ယခင်ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်မှာ ရှမ်းပြည်နယ်ရှိ အခြားမြို့နယ်များတွင် ထုတ်ပြန်ထားခြင်းမရှိဘဲ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးညမထွက်ရ အမိန့်ထုတ်ပြန်သည့် အမိန့်ထက်စောစွာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ညမထွက်ရအမိန့်နှင့်မြို့ဝင်မြို့ထွက်ဂိတ်ကန့်သတ်အမိန့်တို့မှာ သီးခြားဖြစ် နေပြီး တစ်နိုင်ငံလုံး ညမထွက်ရအမိန့်များ ဖြေလျှော့ခဲ့ရာတွင်လည်း မိုင်းဆတ်ခရိုင်၌ ဆက်လက်ကျင့်သုံးနေသည်အတွက် မိုင်းဆတ်ခရိုင် အုပ်ချုပ်ရေးမှူးအား ကမ္ဘောဇတိုင်းမှမေးမြန်းခဲ့ရာ ယင်းကန့်သတ်မှုသည် ရပ်ဝေးသူများအတွက်သာဖြစ်ပြီး မြို့နေ ဒေသခံ များမပါဟု ပြောကြားခဲ့သည်။
.
မိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ ခရီးသွားလာရာတွင် ယခင်က နံနက် ၄ နာရီခန့် ထွက်ခွာမှသာ တောင်ကြီးသို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိနိုင်သည့်အတွက် ယင်းညမထွက်ရအမိန့်အရ လမ်းခရီး၌ ညအိပ်သွားလာခဲ့ရမှုများ ရှိခဲ့ပြီး ယခု ကဲ့သို့ ဖြေလျှော့ပေးသည့်အတွက် ဝမ်းသာကြောင်း ဒေသခံများက ပြောဆိုခဲ့သည်။
.
“ရှမ်းစျေးဆိုတာ နေထွက်ရင် မရှိတော့ဘူး။ ရောဂါကာလဖြစ်လို့ ဆိုပေမဲ့ အနီးက ဝမ်နားနဲ့ ဟောင်လီဘက်ကရွာတွေက ၂ ဖာလုံလောက်ပဲရှိတာ။ မနက်ဆို မြို့ထဲ လာဖို့အရေးတန်းစီနေကြရတာ နေတအားကြီးထွက်မှ ဝင်ကြရတယ်။ ဒီလိုပဲ ညကျတော့လဲ ၇ နာရီထိုးဆို ပိတ်တော့ အရေးအကြောင်းနဲ့သွားလာရတာခက်တယ်၊ ဂိတ်တွေကိုလဲပြောဖို့ မလွယ်ဘူး၊ လုံခြုံရေးက တပ်တွေက ယူထားတာလေ” ဟု မိုင်းတုံမြို့၊ မြို့မရပ်ကွက် နေ ဦးမင်းဇော် ကပြောသည်။
.
ယခု ဇွန်လ ၁ ရက်တွင်မူ အဆိုပါ မြို့ဝင်မြို့ထွက်ဂိတ်များ ကို အများနည်းတူ ည ၁၂ နာရီမှ ၄ နာရီအတွင်းမှ အပကျန်အချိန်များတွင် ပုံမှန်သွားလာခွင့်ပြုပြီးဖြစ်ကြောင်း မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About