မဲဆန္ဒရှင်စာရင်းများကို အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်ရေးအတွက် Mobile APP စီစဉ်ပေးသွားမည် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မဲဆန္ဒရှင်စာရင်းများကို အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်ရေးအတွက် Mobile APP စီစဉ်ပေးသွားမည်


မော်မော်
.
၂၀၂၀ ပြည့်နှစ် ပြည်လုံးကျွတ်အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလအတွင်း ကျင်းပသွားမည် ဖြစ်ရာ မဲဆန္ဒ ရှင်ပြည်သူများအား လူစုလူဝေး မဖြစ်ပေါ်စေဘဲ မဲဆန္ဒရှင်စာရင်းကို အွန်လိုင်းမှတစ်ဆင့် တိုက်ဆိုင် စစ်ဆေးနိုင်ရေး အတွက် Mobile Application ကို စီစဉ်ဆောင်ရွက်ပေး သွားမည်ဖြစ်သည်ဟု သိရသည်။
.
 
.
ရွေးကောက်ပွဲများကို COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ထုံးလုပ်နည်းများနဲ့အညီ ကျင်းပ ပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
အစည်းအဝေးတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တတိယ အကြိမ် လွှတ်တော် သက်တမ်းအတွက် အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ကျင်းပပေးရမည် ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ အနက်မှ မဲစာရင်း ကပ်ထားကြေညာ သည့်ကာလ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် မဲပေးသည့်နေ့ တို့တွင် ပြည်သူလူထု စုဝေးခြင်းများ ဖြစ်ပေါ် လာနိုင်သဖြင့် မဲဆန္ဒရှင်များအား အွန်လိုင်းမှ တစ်ဆင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုတိုက်ဆိုင် စစ်ဆေး နိုင်ရန် အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
.
ထို့အပြင် ရွေးကောက်ပွဲနေ့၌ မဲဆန္ဒရှင် ပြည်သူများ မဲပေးချိန်၌ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လမ်းညွှန်ချက်များနှင့်အညီ မည်သို့ ဆောင်ရွက်ရမည်ကို သရုပ် ပြမဲရုံများ ပြသပြီး ဆောင်ရွက်သွား မည် ဖြစ်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသော စံ ၅ ရပ်နှင့် အညီ ကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
.
၂၀၂၀ ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲအတွက် မဲရုံပေါင်း ၄ သောင်းကျော် မဲဆန္ဒရှင်ပေါင်း ၃၇ သန်း ကျော်ရှိမည်ဖြစ် ကြောင်း သိရသည်။
.
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး မှ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Inter national Foundation for Electoral Systems (IFES) အဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats