မိုင်းငေါ့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းထိမှန်သေဆုံး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

မိုင်းငေါ့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းထိမှန်သေဆုံး


မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ ချုံးသစ်ကျေးရွာတွင် ဇွန်လ ၅ ရက်၊ နံနက်ပိုင်းက လက်ဖက် ခူးသွားသူ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းထိမှန် သေဆုံးခဲ့ကြောင်း ကျောက်မဲမြို့၊ ဇီဝိတလူမှုကူညီရေးအသင်းမှ သိရသည်။
.
 
.
“သွားတော့ မကူနိုင်ခဲ့ပါဘူး။ မိုင်းငေါ့ဆေးရုံကိုပို့တာ လမ်းမှာတင် ဆုံးသွားလို့ ရွာပြန်သယ်လို့မရဘဲ လမ်းမှာ မြှုပ်မယ် လို့ သိရပါတယ်” ဟု ကျောက်မဲဇီဝိတလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းက ပြောသည်။
.
မိုင်းငေါ့မြို့၊ ချုံးသစ်ကျေးရွာနေ မိုင်းဘဦး (၂၈ နှစ်) သည် ဇွန်လ ၅ ရက်၊ နံနက် ၅ နာရီခွဲက နေအိမ်မှ ရွာတောင်ဘက်ရှိ ချုံးသစ်ကျေးရွာနှင့် နမ့်တွေကျေးရွာအကြားတွင် လက်ဖက်ခူးရန် သွားရောက်စဉ် ရွာမှ မီတာ ၁၃၀၀ ခန့်အကွာတွင် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲခဲ့ပြီး ဝဲဘက်ဒူးအောက် ကြေမွဒဏ်ရာနှင့် ဝဲပေါင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
.
သို့ဖြစ်၍ မိုင်းဘဦးအား ကျေးရွာသားများမှ မိုင်းငေါ့ဆေးရုံသို့ ပို့ဆောင်ရန်သယ်လာစဉ် ချုံးသစ်ကျေးရွာနှင့် မန်ဟွေ ကျေးရွာ ကြားအရောက်၊ နံနက် ၈ နာရီခွဲခန့်တွင် သေဆုံးသွားခဲ့သဖြင့် လမ်းတွင် မြှုပ်နှံရန် စီစဉ်ခဲ့ကြောင်း သိရသည်။
.
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာမှာ ချုံးသစ်ကျေးရွာမှ ၅ မိုင်ခန့် ကွာဝေးပြီး အဆိုပါနေရာများသည် လက်နက်ကိုင် တပ်ဖွဲ့များ၏ စခန်းကုန်းများ ရှိနေကာ လုံခြုံရေးအရ မြေမြှုပ်မိုင်းများ ရှိနေကြောင်း ဒေသခံများထံက သိရသည်။
.
ပြီးခဲ့သည့်  ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်ကလည်း အဆိုပါ မိုင်းငေါ့မြို့၊ ချုံးသစ်ကျေးရွာ လက်ဖက်ခြံတွင် လက်ဖက်ခူးပြီး၍ အိမ်ပြန်သည့် ဇနီးမောင်နှံ ၂  ဦးတို့  မိုင်းပေါက်ကွဲထိမှန်သဖြင့် ဒဏ်ရာများ ရရှိခဲ့ဖူးကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About