လားရှိုး၊ မန်ဆူဈေးကို ရွှေချမ်းမြေ့အမည်ဖြင့် ပြောင်းလဲတပ်ဆင်သည့် ဆိုင်းဘုတ် ပြန်ဖြုတ် - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 23, 2020

လားရှိုး၊ မန်ဆူဈေးကို ရွှေချမ်းမြေ့အမည်ဖြင့် ပြောင်းလဲတပ်ဆင်သည့် ဆိုင်းဘုတ် ပြန်ဖြုတ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူ ဈေးအမည်အား ရွှေချမ်းမြေ့အမည်သို့ ပြောင်းလဲ၍ ဇွန်လ ၂၂ ရက်က တင်ဆင်ခဲ့သည့် ဆိုင်းဘုတ်ကို ယ​နေ့ (ဇွန်လ ၂၃ ရက်)၊ ညနေပိုင်းတွင် ပြန်လည် ဖြုတ်သိမ်းခဲ့ကြောင်း မန်ဆူဈေး တာဝန်ခံထံမှ သိရသည်။
.

" စည်ပင်က ညွှန်ကြားလာလို့ပါ။ ခဏ ပြန်ဖြုတ်ထားပါဆိုလို့ ပြန်ဖြုတ်ထားပါတယ်။ ဈေးသူ၊ ဈေးသား ၃၀၀ ကျော်က အမည် ပြောင်းသင့်တယ်ဆိုလို့ အထက်ကို တင်ပြပြီး အမည် ပြောင်းခဲ့တာပါ။" ဟု မန်ဆူဈေး တာဝန်ခံ ကိုမျိုးက က​မ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ မန်ဆူဈေး အမည် ပြောင်းခြင်းကို လွှတ်တော် ကိုယ်စားလှယ်များ၏ သဘောထားမှတ်ချက် တောင်းခံ ရယူခဲ့သည် ဆိုသော်လည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ သဘောထား မှတ်ချက်ကို တောင်းခံခြင်း မရှိသည့် အပြင် အသိပေးခြင်း၊ ဖုန်းဆက် ပြောခြင်းများ မရှိခဲ့ကြောင်း သိရသည်။
.
" ခုပဲ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် ပြောနေတာ၊ မန်ဆူဈေး အမည် ပြောင်းတာ ဘာမှလည်း မသိရဘူး၊ ပြီးတော့ မြို့ရွာတွေက အစ ရှမ်းအမည်တွေ ပြန်ပြောင်းဖို့ ကြိုးပမ်းမှုတွေပြုလုပ်နေတဲ့ အချိန်မှာ ဒီဖြစ်ရပ်မျိုးက မဖြစ်သင့်ဘူး။ ကျွန်တော်က အရင်အမည် မန်ဆူကိုပဲ အတည်ပြုတယ်၊ သမိုင်းကြောင်းနဲ့ ချီလာတဲ့ဈေးလေ၊ ဈေးအသစ် သီးခြား တည်ရင်တော့ တစ်မျိုးပေါ့၊ အခုအမည်ကို ကန့်ကွက်ပါတယ်။ " ဟု အမျိုးသားလွှတ်​တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းက ပြောသည်။
.
မန်ဆူဈေးကော်မတီဥက္ကဌ ဦးမောင်ငယ်အား ​ဆက်သွယ် မေးမြန်းရာတွင် " လားရှိုးရှိ ရပ်ကွက် ၁၂ ခုလုံးကို ကြေညာခဲ့ပြီး ရှိတဲ့ ဈေး အားလုံးမှာလည်း ကြေညာခဲ့ပါတယ်၊ ဈေးသူ ဈေးသားတွေ တင်ပြချက်နဲ့ လူကြီး​တွေကို တင်ပြပြီး အမည်ပြောင်းခဲ့ပေမယ့် အခုနိုင်ငံရေး၊ လူမျိုးရေးတွေ ပါလာနေတဲ့ မှတ်ချက်တွေကြောင့် ရွှေချမ်းမြေ့ ဆိုင်းဘုတ်ကို ခဏ ပြန် ဖြုတ်ခိုင်းလို့ ဖြုတ်ထားပါ။ စည်ပင်ဝန်ကြီးလည်း ကွတ်ခိုင် မူးယစ်ဆေးဝါး ဖျက်ဆီးပွဲ ရောက်နေတော့ သူ့ညွှန်ကြားချက် ရယူပြီးမှ ဆက်လက် လုပ်ဆောင်ဖို့ ရှိပါ့မယ်။ ဟု ​ပြောသည်။
.
အဆိုပါ အ​ခြေအ​နေများနှင့် ပတ်သက်၍ လားရှိုးမြို့နယ် စည်ပင်သာယာရေးဌာနသို့ ဖုန်းဖြင့် ဆက်သွယ် ​မေးမြန်းရာ အစည်းအဝေ းတက်ရောက်နေသည်ဟုသာ ပြန်လည် ​ပြောကြားခဲ့သည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)