ရှမ်းမြောက်မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 5, 2020

ရှမ်းမြောက်မှ အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများ ပြန်လည်ပြေးဆွဲ


မေသူဇော်
.
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ ပြည်တွင်း အနယ်နယ်အရပ်ရပ်သို့ ပြေးဆွဲနေသည့် ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများအားလုံး ဇွန်လ ၄ ရက်မှ စတင်၍ ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
.
 
.
“လားရှိုးမြို့မှ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ မကွေး အပါအဝင် အနယ်နယ်အရပ်ကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းအားလုံး ဇွန်လ ၄ ရက်မှာ ပုံမှန်ပြန်ဆွဲနေကြပါပြီ။ လားရှိုးအနီးဝန်းကျင် နေ့ချင်းပြန် ပြေးဆွဲနေတဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ကွမ်းလုံ၊ ချင်းရွှေဟော်၊ နမ့်ပေါင်၊ နမ့်လန်၊ နမ့်ခမ်းယာဉ်လိုင်းအားလုံးလည်း ပုံမှန် ပြေးဆွဲနေကြတာဖြစ်ပါတယ်” ဟု လားရှိုးမြို့ရှိ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်မှု ကြီးကြပ်ညှိနှိုင်းရေးဦးစီးဌာနမှ တွဲဘက်ပြည်နယ်ဦးစီးမှူး ဦးဇော်ဇော်ဝင်းက ပြောသည်။
.
လားရှိုးအခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအားလုံးမှာ COVID-19 ရောဂါ ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေးအစီအစဉ် အရ မဟာသင်္ကြန်ကာလ မတိုင်မီကတည်းက ပြေးဆွဲမှု ရပ်နားထားခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပြန်လည်ပြေးဆွဲရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ညွှန်ကြားချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြန်လည်ပြေးဆွဲရန် ညွှန်ကြားထားကြောင်း သိရသည်။
.
“လားရှိုး-ရန်ကုန်ကို ခရီးသည် ၃၈ ယောက် တင်နိုင်ပေမဲ့ အခု ၁၈ ယောက်ပဲတင်တယ်။ ကားခကို ၄ ပုံတစ်ပုံ ပိုယူထားပါတယ်။ မူလက ၂၄၀၀၀ ကို အခု ၃၀၀၀၀ ယူပါတယ်။ ၂ ယောက်ခုံမှာ  ယောက်ပဲ တင်ပါတယ်။ ဒါ့အပြင် ယာဉ်ပေါ်မှာ ပိုးသတ်ဆေး ဖြန်းထားတယ်။ Hand Gel တွေ၊ Mask တွေ ထားပေးပါတယ်” ဟု ရွှေလားရှိုးခရီးသည် ပို့ဆောင်ရေးဂိတ်မှ မသီတာဝင်းက ပြောသည်။
.
ထို့အတူ လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ခရီးသွားမည့် ခရီးသည် ဦးတင်မြင့်ကလည်း “ခရီးသွားတွေဘက်ကလည်း မဖြစ် မနေသွားရတော့ ကားခနည်းနည်းပိုပေးရလည်း အဆင်ပြေတယ်။ ထိုင်ရတာလည်း အဆင်ပြေတယ်။ ကားတွေ ပြန်ထွက်ပေးတာကို ကျေးဇူးတင်ပါတယ်” ဟု ၎င်း၏အမြင်ကို ပြောဆိုခဲ့သည်။
.
လားရှိုးမြို့ပေါ်တွင် Express ယာဉ်ကြီးများ အပါအဝင် ခရီးသည်တင်ယာဉ်လိုင်း ၄၈ လိုင်းမှ နားမခေါ် ယာဉ်ရပ်နား စခန်းကို အခြေပြု၍ ခရီးသည်တင်ဆောင် ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ခရီးသည်တင်ယာဉ်လိုင်းငယ် ၉၆ လိုင်းမှ လားရှိုးမြို့၊ မန်ဆူယာဉ်ရပ်နားစခန်းကို အခြေပြု၍ ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ယာဉ်လိုင်းကြီး ၃၈ လိုင်းမှ သိန်းသန်းချီယာဉ်ရပ်နားစခန်းကို အခြေပြု၍လည်းကောင်း၊ ယာဉ်ငယ်လိုင်း ၃၅ လိုင်းမှ မြို့ရှောင်လမ်းပေါ်ရှိ ယာဉ်ရပ်နားစခန်းကို အခြေပြု၍ လည်းကောင်း ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About