ထမံသီ
.
ရှမ်းပြည်နယ်အတွင်းရှိ အသေးစားငွေရေးကြေးရေးလုပ်ငန်း လိုင်စင်ရရှိထားသော
အဖွဲ့အစည်းများ၏ ချေးငွေ ကောက်ခံရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ရှမ်းပြည်နယ်ငွေရေးကြေးရေး
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။
.
.
ရှမ်းပြည်နယ်အတွင်း အသေးစားငွေရေးကြေးရေး ချေးငွေလုပ်ငန်းများ အနေဖြင့်
ပြည်တွင်းကုမ္ပဏီ ၁၀ ခု၊ ပြည်ပ ကုမ္ပဏီ ၁၄ ခု၊ INGO တစ်ခု၊ NGO ၃ ခု၊ အစုစပ်အဖွဲ့ ၃
ခု၊ စုစုပေါင်း ၂၉ ခုရှိပြီး ပုံမှန်ချေးငွေ၊ စိုက်ပျိုးရေးချေးငွေ၊ မွေးမြူရေးချေးငွေ၊
စီးပွားရေး ချေးငွေ၊ ကုန်သွယ်မှုချေးငွေ၊ SME ချေးငွေ၊ ကျန်းမာရေးနှင့်ပညာရေးချေးငွေ၊
ဝန်ဆောင်မှုချေးငွေ စသည့် ချေးငွေအမျိုးအစားများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
“အဖွဲ့အစည်းတွေကို လုပ်ငန်းကြီးကြပ်မှု ကော်မတီရဲ့ ညွှန်ကြားချက်၊
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန(ရှမ်းပြည်နယ်)ရဲ့ ထုတ်ပြန်ထား တဲ့ ညွှန်ကြားချက်များအပေါ်
တိတိကျကျလိုက်နာဖို့ကိုလည်း သေသေချာချာကြီးကြပ်ပေးနေတယ်” ဟု ရှမ်းပြည်နယ်ငွေရေးကြေးရေး
ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ပြည်နယ်ဦးစီးမှူး (ယာယီပူးတွဲ)
ဒေါ်ငုငုဝါက ပြောသည်။
.
COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလအတွင်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများအနေဖြင့်
ချေးငွေပြန်လည် ကောက်ခံရာတွင် စိုက်ပျိုးရေးချေးငွေအတွက် ကြီးမားသောအခက်အခဲနှင့် မကြုံတွေ့ရသော်လည်း
အချို့သော ကျန်ချေးငွေအမျိုးအစားများ ကောက်ခံရာတွင် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့်သာ
ပြန်လည်ကောက်ခံနိုင်ကြောင်း သိရသည်။
.
"ကျွန်တော်တို့အဖွဲ့အစည်းက အကြမ်းအားဖြင့် စိုက်ပျိုးရေး ချေးငွေ၊
စျေးဆိုင်ချေးငွေ၊ အုပ်စုဖွဲ့ချေးငွေ၊ အသေးစား စက်မှုလက်မှုလုပ်ငန်း SME ချေးငွေနဲ့
လုပ်ငန်း ရှင်တစ်ဦးတည်းချေးငွေ အမျိုးအစားတွေမှာ စိုက်ပျိုးရေးချေးငွေက ရာနှုန်းပြည့်
ပြန်လည်ရရှိပြီးတော့ ကျန်ချေးငွေတွေ ပြန်လည်ကောက်ခံရာမှာ အနည်းငယ်အခက်အခဲရှိနေတယ်။
ကပ်ရောဂါဖြစ်ပွားတာက အဓိကပါပဲ။ ဒီပြဿနာကို ပြည်နယ်ငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
တာဝန်ရှိသူတွေနဲ့ ပြေလည်အောင် ဆောင်ရွက်နိုင်ဖို့
ညှိနှိုင်းရပါတယ်”ဟု အသေးစားငွေရေးကြေးရေး
ချေးငွေ လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ ပြောပြသည်။
.
ရှမ်းပြည်နယ်ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေးဦးစီးဌာန၏ ၂၀၂၀ ခုနှစ်
ဧပြီလ ၃၀ ရက် စာရင်း ဇယားအရ ရှမ်းပြည်နယ်အတွင်း အသေးစားငွေရေးကြေးရေးလုပ်ငန်း ဆောင်ရွက်ပေးနိုင်မှုအနေဖြင့်
အသင်းသားဦးရေ စုစုပေါင်း ၃၀၈၆၂၂ ဦး၊ ချေးငွေလက်ကျန် ကျပ်သန်း ၁၃၁၀၈၇ ဒသမ ၈၁ နှင့် စုဆောင်း
ငွေလက်ကျန်မှာ ကျပ်သန်း ၂၂၅၉၀ ဒသမ ၉၃ ရှိကြောင်း သိရသည်။
.
No comments:
Post a Comment