ရှမ်းရှေ့ဒေသတွင် ပေါ်ဆန်းမွှေး စပါး မျိုး စိုက်ပျိုးသင့်ကြောင်း ကျိုင်းတုံစိုက်ပျိုးရေးဦးစီးမှူး ပြော - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ရှမ်းရှေ့ဒေသတွင် ပေါ်ဆန်းမွှေး စပါး မျိုး စိုက်ပျိုးသင့်ကြောင်း ကျိုင်းတုံစိုက်ပျိုးရေးဦးစီးမှူး ပြော


ထက်တိုင်းကျော်
.
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတွင် စားသုံးသူဈေးကွက် ဝယ်လိုအားများပြားသည့် ပေါ်ဆန်းမွှေးစပါးမျိုး ဖြစ်ထွန်း အောင်မြင်နိုင်သဖြင့် တောင် သူများအနေဖြင့် ပေါ်ဆန်းမွှေးစပါး စိုက်ပျိုးသင့်ကြောင်း ကျိုင်းတုံ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးအောင်ကျော်မင်းက ပြောဆိုခဲ့သည်။
.
 
.
ကျိုင်းတုံမြို့နယ် မြန်မာ့စိုက်ပျိုးရေးဦးစီးဌာနသည် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသအတွင်း ပေါ်ဆန်းမွှေး စပါးကို စမ်းသပ် စိုက်ပျိုးအောင်မြင်ခဲ့သည့် အတွေ့အကြုံရှိထားပြီး စပါးအထွက်နှုန်း ကောင်းမွန်၍ စားသုံးသူ ဈေးကွက် ဝယ်လိုအား မြင့်မားသည့် ပေါ်ဆန်းမွှေး စပါးကို စိုက်ပျိုးခြင်း ဖြင့် တောင်သူများ ဝင်ငွေ ပိုမိုရရှိနိုင်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
.
ပေါ်ဆန်းမွှေးကို မြေပြန့်ကနေ မှာယူပြီး ဝယ်စားနေရတော့ သယ်ယူပို့ဆောင်ခစရိတ်နဲ့ ဈေးမြင့်နေပါတယ်။ ဒီဒေသမှာပဲ စိုက်ပျိုးထုတ်လုပ်ကြမယ်ဆိုရင် တောင်သူတွေဝင်ငွေတိုးပြီး စားသုံးသူလည်း အထိုက် အလျောက် သက်သာလာ မှာဖြစ်ပါတယ်”ဟု ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ကျိုင်းတုံမြို့နေ အိမ်ရှင်မတစ်ဦးကလည်း “ကျွန်မတို့ မိသားစုက ဈေးသည်နဲ့ ဝန်ထမ်းတွေ ဆိုတော့ စားလို့ လည်းကောင်းပြီး အိုးလည်း တက်တဲ့ ပေါ်ဆန်းမွှေးကိုပဲ ဝယ်ချက်ပါတယ်။ ပေါ်ဆန်းမွှေး ရောင်းတဲ့ ဆိုင်ဆိုရင် ကားကြီး ကားငယ်တွေနဲ့ လာချနေတာကို ကြည့်ခြင်းအားဖြင့် ဝယ်လိုအားကို ခန့်မှန်းနိုင်ပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောဆိုခဲ့သည်။
.
ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် စားသုံးနေသည့် ပေါ်ဆန်းမွှေးဆန်မှာ မြေပြန့် ဒေသမှ စိုက်ပျိုးထွက်ရှိသည့် ဆန်များ ဖြစ်ပြီး ၆ ပြည်ဝင်အိတ်၊ ၁၂ ပြည် ဝင်အိတ်နှင့် ၂၄ ပြည်အိတ်များ ဖြင့် ရောင်းချလျက်ရှိကာ ၁၂ ပြည်ဝင် ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၇၀၀၀ ကျပ် ဝန်းကျင်ဖြင့် ဝယ်ယူ စားသုံးနေ ရကြောင်း သိရသည်။
.
ကျိုင်းတုံမြို့နယ်တွင် ၂၀၁၈-၂၀၁၉ ခုနှစ်က နွေစပါး ၆၅၈၀ ဧက၊ မိုးစပါး ၄၇၅၇၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
.

Journal Download

Photo of three cats