စိုင်းသိင်္ခသူ
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဇွန်လ ၇ ရက်၊ ညနေပိုင်းက ငွေကျပ်သိန်းပေါင်း
၂ သိန်းခွဲကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
.
.
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ
ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၇ ရက်၊ ညနေပိုင်းတွင် ကျိုင်းတုံမြို့နယ်၊
ဝမ်မိုင်ကျေးရွာလမ်းခွဲအနီး၊ ကျိုင်းတုံနည်းပညာတက္ကသိုလ်ရှေ့တွင် သတင်းအရ မော်တော်ယာဉ်များကို
စစ်ဆေးရာ ကား ၃ စီးဖြင့် သယ်ဆောင်လာသော ယင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
“သူတို့က ကတ်ထိုက်ကျေးရွာကနေ ကျိုင်းတုံမဝင်ရတဲ့ မြို့ရှောင်လမ်းကထွက်ပြီး မိုင်းပျဉ်းဘက်ကို
သွားကြမယ်လို့ သတင်းအခိုင်အမာရထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က ကျိုင်းတုံမြို့ရှောင်လမ်း
မရောက်ခင် နေရာကနေ စောင့် ဖမ်းခဲ့တာပါ” ဟု ဖမ်းဆီးရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
.
အဆိုပါ မော်တော်ယာဉ်
၃ စီးပေါ်တွင် လူ ၅ ဦးနှင့်အတူ အိုက်စ် ကီလို ၁၀၀၀ ခန့်၊ တန်ဖိုးငွေကျပ် သိန်းပေါင်း
၂ သိန်းခွဲနှင့် ဘိန်းဖြူ ၃ ကီလို၊ တန်ဖိုး သိန်း ၄၈၀၊ စုစုပေါင်း ငွေကျပ် သိန်းပေါင်း
၂၅၀၄၈၀ အား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့် သယ်ဆောင်လာသူများအား ကျိုင်းတုံမြို့မရဲစခန်းသို့
စနစ်တကျ လွှဲပြောင်း အပ်နှံကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့်
အရေးယူကာ ကွင်းဆက် များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment