ခိုလမ်တွင် တပ်မှစွန့်လွှတ်ပြီး မြေအတွင်း ဝင်ရောက်စိုက်ပျိုးသည့် တောင်သူ ၄၇ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ခိုလမ်တွင် တပ်မှစွန့်လွှတ်ပြီး မြေအတွင်း ဝင်ရောက်စိုက်ပျိုးသည့် တောင်သူ ၄၇ ဦးကို ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆို


မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့တွင် နယ်မြေခံတပ်မှ စွန့်လွှတ်ပြီး မြေအတွင်း ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခဲ့သည့် တောင်သူ ၄၇ ဦးကို တပ်မတော်မှ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ သဖြင့် နမ့်စန်မြို့နယ်တရားရုံးသို့ အာမခံလျှောက်ထားခဲ့ရကြောင်း မြေသိမ်းခံ တောင်သူများထံက သိရသည်။
.



.
ခိုလမ်မြို့၊ အမှတ် (၆၆) ခြေလျင်တပ်ရင်းမှ တပ်ပိုင်မြေအတွင်း ဝင်ရောက်စိုက်ပျိုးသည်ဟုဆိုကာ တောင်သူ ၄၇ ဦးအား ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဖြင့် ဇွန်လ ၉ ရက်က နမ့်စန်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ခလရ (၆၆) နမ့်စန်က ပြောင်းလာပြီး တပ်တည်၊ ခြံစည်းရိုးခတ်ပြီးနောက် ၂၀၁၅ မှာ တပ်ရင်းမှူးလက်မှတ်၊ တံဆိပ်တုံးတွေနဲ့ စွန့်လွှတ်မြေအဖြစ် သတ်မှတ်ပြီး ပေးထားတဲ့ စာရွက်ရှိပါတယ်။ အရင်နှစ်တွေကလည်း စိုက်ပျိုး လာတာ ဘာကိစ္စမှ မရှိပါဘူး။ ၂၀၁၉ ခုနှစ်၊ ၈ လပိုင်းမှာ တပ်မြေ မကျူးကျော်ရ ဆိုင်းဘုတ်တွေ လာထောင်မှ သိရတာ။ အရင် တပ်ကစွန့်လွှတ်ထားတဲ့ကိစ္စ ပြောပေမဲ့ အကျုံးမဝင်ဘူးလို့ ပြောတယ်။ တောင်သူတွေကို လက်မှတ်ထိုး ခိုင်းတယ်။ ဘယ်တောင်သူမှ လက်မှတ် မထိုးပေးဘူး။ အဲဒီမြေနေရာကို လွန်ခဲ့တဲ့ နှစ် ၃၀/၄၀ ကတည်းက နှစ်စဉ် စိုက်ပျိုးလုပ်ကိုင်စားသောက်နေတဲ့ တောင်သူ ၆၄ ဦးအနက် အစည်းအဝေးတက်တဲ့ ၄၇ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတာပါ” ဟု မြေ ၁၄ ဧကခန့် သိမ်းဆည်းခံရသူ ကိုရိုဆန်းက ပြောသည်။
.
တောင်သူများအား တရားစွဲသည့် ခလရ (၆၆)မှာ ယခင်နမ့်စန်အခြေစိုက်ဖြစ်ပြီး ၂၀၁၅ တွင် ခိုလမ်သို့ပြောင်းရွှေ့ လာသည့် တပ်ဖြစ်ကာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ထိုစဉ်က တာဝန်ထမ်းဆောင်ခဲ့သည့် တပ်ရင်းမှူး မှ မြေဧက ၂၃၅၅ ဒသမ ၃၃ ဧကအား ပြန်လည်စွန့်လွှတ်ပြီး ဖြစ်ကြောင်း တောင်သူများထံ အကြောင်းကြားစာပေးပို့ ထားကြောင်း၊ ယင်းရုံးစာကို ၎င်းမှ သိမ်းဆည်းထားကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လတွင် အဆိုပါ မြေနေရာ အား တပ်ပိုင်မြေအဖြစ် သိမ်းဆည်းထားကြောင်း တပ်မှ ပြောကြားလာသည့်အတွက် ယင်းစာရွက်ဖြင့် ဖြေရှင်းသော်လည်း အကျုံးမဝင်ဟု အစည်းအဝေးသို့တက်ရောက်လာသည့် တပ်ရင်းကိုယ်စားလှယ်မှပြောကြားကာ ယခုအခါ တရားစွဲဆို ခံရခြင်းဖြစ်သည်ဟု ၎င်းထံက သိရသည်။
.
အဆိုပါတရားစွဲဆိုမှုနှင့်ပတ်သက်၍ တောင်သူများဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ နမ့်စန်မြို့နယ်ဥက္ကဋ္ဌ ဦးနေဇော်နိုင်က “တပ်မတည်ခင်ကတည်းက တောင်သူတွေ ပိုင်တဲ့မြေလို့ သိရပါတယ်။ ၂၀၁၉ ဩဂုတ်လမှ တပ်ကသိမ်းတယ်လို့ သိရတယ်။ မနှစ်ကအထိ စိုက်ပျိုးနေဆဲကို ဒီနှစ်မှ စိုက်ပျိုးလို့ဆိုပြီး တရား စွဲဆိုခံရတာပါ။ တောင်သူတွေ လာမယ့်ရုံးချိန်းမှာ ရှေ့နေငှားပြီး ရင်ဆိုင်မယ်ဆိုလို့ သူတို့စရိတ်နဲ့ ရှေ့နေငှားပေးမယ်။ လိုအပ်တာအားလုံး ကူညီပေးဖို့ ရှိပါမယ်။ တပ်က ပြန်လည်စွန့်လွှတ်တဲ့ လက်မှတ်ရှိနေတာလည်း သိရတော့ ပြန်ပြီး မြေသိမ်းတာမျိုး ဖြစ်နေတယ်” ဟု ပြောဆိုခဲ့သည်။
.
ယင်းကဲ့သို့ တပ်သိမ်းမြေပေါ်တွင် ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရသည့် တောင်သူ ၄၇ ဦးအား နမ့်စန်မြို့နယ် တရားရုံးမှ အာမခံဖြင့် လွှတ်ထားပြီး လာမည့် ဇွန်လ ၁၈ ရက် ရုံးချိန်းတွင် ဆက်လက်စစ်ဆေးသွားရန် ရှိနေကြောင်း သိရသည်။
.

Journal Download

Photo of three cats