လူကုန်ကူးသူ အမျိုးသမီး ၃ ဦးကို မူဆယ်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Friday, June 26, 2020

လူကုန်ကူးသူ အမျိုးသမီး ၃ ဦးကို မူဆယ်ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်

မင်းဇော်မင်း
.
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်တရားရုံးမှ လူကုန်ကူးမှုကျူးလွန်သူ အမျိုးသမီး ၃ ဦးကို ဇွန်လ ၂၄ ရက်က ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။
.
 
.
“လူကုန်ကူးခံရတာ ကျွန်မတို့လူမျိုးပါ။ အဲဒီတုန်းက ၁၅ နှစ်ပဲ ရှိသေးတယ်။ သူ့အစ်မဆိုရင်လည်း ဆွံ့အနား မကြားနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ရောင်းစားခံခဲ့ရတာ ခုထိ သတင်းအစအန မရတော့ဘူး။ ဒီ ကလေးမလည်း ဟိုမှာတရုတ်ယောကျ်ားယူပြီး သားလေးတစ်ယောက် မွေးပေးခဲ့ရတယ်။ ထွက်ပြေးလို့ သူ့ သားလေးကတော့ ခေါ်လာလို့မရဘူး။ လူကုန်ကူးသူတွေဟာ လုံးဝ လူသားချင်းမစာမနာ မထောက်ထားမှုကို ကျူးလွန်တဲ့သူပါ” ဟု ခိုလုံလီရှော ပြန်ကြားရေးအဖွဲ့မှ မသိမ့်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကွတ်ခိုင်မြို့နယ်၊ ဟိုနားကျေးရွာနေ အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ဒေါ်ရန်အွေ့ (၃၈ နှစ်)၊ ဒေါ်ရန်ချိုင့် (၄၀ နှစ်) နှင့် ဒေါ်ဟော်လောက်လင် (၄၀ နှစ်) တို့မှ ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံ၊ အန်ဟွေး ပြည်နယ်တွင် ယွမ်ငွေ ၁၅၀၀၀၀ ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ၊ ရွှေလီ BLO နှင့် မြန်မာနိုင်ငံ၊ အမှတ် (၁၇) လူကုန်တားရဲတပ်ဖွဲ့စု (မူဆယ်) တို့မှ သံရုံးနှင့် ဆက်သွယ်၍ ကယ်တင် နိုင်ခဲ့ခြင်း ဖြစ်ကာ ခိုလုံလီရှော ပြန်ကြားရေး အဖွဲ့မှ ပူးပေါင်းကူညီပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
အဆိုပါ လူကုန်ကူးခဲ့သူ အမျိုးသမီး ၃ ဦးအား မူဆယ်ခရိုင်တရားရုံးမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈(က) ဖြင့်အရေးယူကာ ဇွန်လ ၂၄ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်အနှစ် ၂၀ စီ ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats