မင်းဇော်မင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့၊
ဘော်ဆိုင်းကျေးရွာတွင် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟုဆိုကာ
တရုတ်မယားအဖြစ် လိမ်လည်ရောင်းစားခဲ့သူ အမျိုးသမီးတစ်ဦးကို ဇွန်လ ၅ ရက်က ဖမ်းဆီးရမိထားပြီး
ကျန်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
.
.
“ကွင်းဆက်တရားခံကလည်း ဒီကပါပဲ။ တစ်ယောက်ကတော့ မိထားပြီး။ လူကုန်ကူးရဲတပ်ဖွဲ့နဲ့
ချိတ်ဆက်ဆောင်ရွက် နေပါတယ်။ မိရင် သွားခေါ်ရမှာပါ” ဟု ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုးလွင်က
ပြောသည်။
ဟဲဟိုးမြို့၊ ဘော်ဆိုင်းကျေးရွာနေ ကာမပိုင် လင်ယောက်ျားရှိသူ အသက်
၃၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံတွင် ထမင်းချက်အလုပ်လုပ်ပါက တစ်နှစ်လျှင်
ကျပ်သိန်း ၃၀ ရရှိမည်ဟု ဘော်ဆိုင်းကျေးရွာ၊ ပြည်သာရပ် နေ ဒေါ်မြင့်ခင် (၃၁ နှစ်) ဆိုသူမှ
စည်းရုံးပြောဆိုပြီး ခေါ်ဆောင်သွားပြီးနောက် မူဆယ်မြို့ အရောက်တွင် ဒေါ်မြင့်ခင် မှာ
မူမမှန်သဖြင့် ယင်းအမျိုးသမီးမှ ၎င်း၏ ခင်ပွန်းထံသို့ နားကပ်ရောင်း၍ ပြန်လာမည်ဖြစ်ကြောင်း
ဖုန်းဖြင့်ဆက်သွယ် ပြောဆိုခဲ့ပြီးနောက် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်ဟု သိရသည်။
.
ယင်းနောက် ၂၀၂၀ ပြည့်နှစ်၊ မေလတွင် ခေါ်ဆောင်ခံရသူ အမျိုးသမီးက
ဒေါ်မြင့်ခင်နှင့် တရုတ်နိုင်ငံ၊ မန်စီမြို့နေ ဒေါ်မြင့်ခင်၏ သမီးဖြစ်သူတို့မှ ၎င်းအား
တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်၊ မန်လီကျေးရွာရှိ တရုတ်အမျိုးသားတစ်ဦး ထံတွင် တရုတ်မယားအဖြစ်
ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးများထံ ဆက်သွယ်လာသဖြင့် ခင်ပွန်းဖြစ်သူမှ အမှတ်
(၁၅) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (တောင်ကြီး)၌ ဥပဒေအရ အရေးယူပေးရန် တိုင်တန်းခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
.
“သမီးဖြစ်သူကို မမိသေးပါဘူး။ တရုတ်ဘက်ကို သတင်းစုံစမ်း ဆောင်ရွက်နေပါတယ်”
ဟု မူဆယ်မြို့ရှိ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးမင်းနိုင်က ပြောသည်။
.
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ ဟဲဟိုးနယ်မြေရဲစခန်းမှ (ပ)၃၈/၂၀၂၀
၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ပြီး အမှုမတရားခံ
ဒေါ်မြင့်ခင် ကို ဇွန် ၅ ရက် ဖမ်းဆီးချုပ်နှောင်ထားကာ ၎င်း၏သမီးဖြစ်သူ အား ဖမ်းဆီးရမိရေးအတွက်
လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း သိရသည်။
.
No comments:
Post a Comment