အမှိုက်ကအစ စနစ်ကျတဲ့ မြို့တော်ဆီသို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 29, 2020

အမှိုက်ကအစ စနစ်ကျတဲ့ မြို့တော်ဆီသို့


ကမ္ဘောဇတိုင်း
.

ကမ္ဘာတစ်ဝှမ်း နှစ်စဉ် တိုးတက် များပြားလာနေသော လူဦးရေ ထူထပ် များပြားလာမှု၊ စက်မှုနည်းပညာများ ဖွံ့ဖြိုး တိုးတက်လာမှုများနှင့်အတူ မြို့ပြ ဒေသများအတွက် စိန်ခေါ်မှု တစ်ရပ်မှာ စွန့်ပစ်ပစ္စည်း အမှိုက်ပြဿနာဖြစ် သည်။ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ၊ ကြွယ်ဝချမ်းသာသော နိုင်ငံများတွင် Recycle နည်းပညာများဖြင့် အထိုက်အ လျောက် ထိန်းသိမ်းနိုင်ရန် စွမ်းဆောင်နေကြသော်လည်း မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများအဖို့ အမှိုက်ပြဿနာမှာ ရေရှည်တွင် အမှိုက်ကစ ပြဿဒ်မီး မလောင်ရလေအောင် တတ်နိုင်သမျှ ထိန်းသိမ်းဖို့ လိုအပ်လာနေသည်။
.
မြို့ပြလူဦးရေ တိုးတက် များပြားလာမှုများကြောင့် မြို့ပြဒေသများတွင် နေ့စဉ် စွန့်ပစ်ပစ္စည်း အမှိုက်ထွက်ရှိမှု ပြဿနာကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရေးမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် စိန်ခေါ်မှု တစ်ရပ် အနေဖြင့် ရှိနေဆဲ ဖြစ်သည်။ ယင်း စိန်ခေါ်မှုကို ဖြေရှင်းနိုင်ရေးအတွက် မြို့ပြဒေသ အသီးသီးတွင် နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်း နေလျက်ရှိရာ ရှမ်းပြည်နယ်ရဲ့ မြို့တော်တောင်ကြီးလည်း အပါအဝင် ဖြစ်သည်။
.
အမှိုက် သိမ်းဆည်းရေး လုပ်ငန်းများ စနစ်ကျ အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ရေးအတွက် သော်လည်း ကောင်း၊ ဒေသတွင်း စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်းများ ဖွံ့ဖြိုး လာစေရေးအတွက် သော်လည်းကောင်း ယ ခင်အစိုးရလက်ထက်က စတင်၍ ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ ကျိုင်းတုံ၊ မူဆယ်မြို့များတွင် ပုဂ္ဂလိက အမှိုက် သိမ်းဆည်းရေး ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့် ပြုခဲ့ရာ မူဆယ်မြို့မှ အောင်ဂရုဏာကုမ္ပဏီမှာ လုပ်ငန်း အောင်မြင်မှု မရှိခဲ့ ဘဲ တောင်ကြီးမြို့မှ မွှေးတောင်ကြီးနှင့် ကျိုင်းတုံမြို့မှ စိန်ရေကန် ကုမ္ပဏီတို့မှာလည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
.
ကမ္ဘောဇတိုင်းအနေဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တောင်ကြီးမြို့ပေါ် အမှိုက်သိမ်းဆည်းရေးစနစ်နှင့် ပတ်သက်၍ လူထု၏ ကျေနပ်မှုအနေအထားကို အွန်လိုင်းမှ စစ်တမ်း ကောက်ယူခဲ့ရာ ဝင်ရောက် Vote ပေးသူ ၄၄၀၀ ကျော် ရှိသည့်အနက် ၂၁ ရာခိုင်နှုန်းသော Voter များကသာ အမှိုက်သိမ်းဆည်းရေးစနစ် ဆောင်ရွက်နေမှုကို ကျေနပ် အားရမှု ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး ၇၉ ရာခိုင်နှုန်း ကမူ စိတ်ကျေနပ်မှု မရှိကြောင်း မှတ်ချက် ပြုခဲ့ကြသည်။
.
မြို့လူထု၏ မကျေနပ်မှုမှာ အမှိုက်သိမ်းယာဉ် ပုံမှန် မလာရောက်မှု၊ အမှိုက်သိမ်းယာဉ် လာရောက်သော်လည်း စောင့်ဆိုင်း အမှိုက် သိမ်းဆည်းပေးမှု မရှိခြင်း၊ အမှိုက်ခွန်သာ လစဉ် ဆောင်နေရပြီး အမှိုက် သိမ်းဆည်းပေးမှု မရှိခြင်း စသည့် အချက်များကို အဓိက တွေ့ရပြီး အမှိုက်သိမ်းယာဉ် မောင်းနှင်သူနှင့် အမှိုက်သိမ်းဝန်ထမ်းတို့၏ ဆောင်ရွက် ချက်များအပေါ် ကျေနပ်မှု မရှိသည်ကိုလည်း တွေ့မြင်နေရသည်။
.
“အမှိုက် သိမ်းဆည်းတဲ့ စနစ်ကို စလုပ် လုပ်ချင်းတုန်းကတော့ ဟုတ် မလိုလိုနဲ့ အခုဆို အမှိုက်သိမ်းတဲ့ ထွေလာဂျီ က တစ်လမှာ ၂ ခေါက်ပဲ လာတယ်။ တစ်ခါတလေဆို ထွေလာဂျီပေါ် အမှိုက်တွေပြည့်သွားပြီဆိုပြီး ပေး မပစ်ဘဲ ပြန် သွားတာလည်း ရှိတယ်” ဟု တောင်ကြီး ဒေသခံတစ်ဦးက ၎င်း၏ အမြင်ကို ပြောဆိုထားသည်။
.
ထို့အပြင် လနှင့်ချီ၍ အမှိုက်သိမ်းယာဉ် လာရောက်သိမ်းခြင်း မရှိသော်လည်း အမှိုက်ခွန်ကိုမူ လစဉ် ပုံမှန် ပေး ဆောင်နေရမှုများလည်း ရှိနေသည်ဟု ဒေသခံများထံက သိရသည်။
.
ကုမ္ပဏီ အနေဖြင့်လည်း ဝန်ထမ်း အများအပြားကို အုပ်ချုပ် လုပ်ကိုင်ရခြင်း ဖြစ်သည့်အတွက် လိုအပ်ချက်၊ အား နည်းချက်များ ရှိနိုင်မည် ဖြစ်သလို အမှိုက်ခွန်များ အပြည့်အဝ ရရှိခြင်း မရှိကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။
.
ကုမ္ပဏီ အနေဖြင့်လည်း ကိုယ့်တာဝန်ကိုယ် ကျေကာ ကောက်ခံသည့် အမှိုက်ခွန်နှင့် ညီမျှသော ဝန်ဆောင်မှု ကို ပေးနိုင်ရမည် ဖြစ်သလို ပြည်သူကလည်း ထိုက်တန်သည့် ဝန်ဆောင်မှုကို ရလိုလျှင် ထိုက်တန်သည့် အခွန်အခကို ပေး ဆောင်ရမည်ဖြစ်ပါသည်။ ထိုသို့ နှစ်ဦးနှစ်ဘက် ကိုယ့်တာဝန်ကိုယ် ကျေပွန်နေပါက အမှိုက်သိမ်းဆည်းမှု စနစ်အပေါ် လူထုကလည်း ကျေနပ်အားရမှု အပြည့်အဝ ရရှိမည်ဖြစ်သလို ကုမ္ပဏီ အနေဖြင့်လည်း မျက်နှာပန်း လှလှဖြင့် တစ် ဘက်က ပြည်သူ့အကျိုးပြုရင်း တစ်ဘက်က ကုမ္ပဏီ အကျိုးစီးပွားကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ ပြည်သူများ အမှိုက်ခွန် ဆောင်စေရန်၊ သက်ဆိုင်ရာ ကုမ္ပဏီက အမှိုက်ကို အချိန်မှန် သိမ်း၍ ကောင်းမွန် သည့် ဝန်ဆောင်မှုကို ပေးရန်အတွက် ရှမ်းပြည်နယ်အစိုးရ၊ ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနတို့၏ ကြီးကြပ်မှုဖြင့် တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနအနေဖြင့် ပြည်သူ့မျက်နှာကို ကြည့်ကာ လုပ်ဆောင်သင့်ပါကြောင်းနှင့် အမှိုက်က စ စနစ်ကျပြီး မြို့တော် သာယာလှပစေဖို့ အားလုံးတူညီ တာဝန် ကျေပွန်ကြရန်အတွက် ဆန္ဒပြုလိုက်ရပါသည်။  
.

No comments:

Post a Comment

Journal Download

Photo of three cats

About