ပေမီဒေါက်မီ မြို့တော် - Kanbawza Tai News

Breaking

Boxed(True/False)

Sunday, June 21, 2020

ပေမီဒေါက်မီ မြို့တော်

ကမ္ဘောဇတိုင်း
.
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တောင်ကြီး မြို့ အား ၃ နှစ်အတွင်း Smart City ဖြစ်အောင် ဖော် ဆောင်သွားမည်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ မှတစ်ဆင့် ကြွေးကြော်ခဲ့သည်။
.
ယင်းကဲ့သို့ ကြွေးကြော်မှုနှင့် ပတ်သက်၍ ဒေသခံ များမှလည်း ဝေဖန်မှုများ ရှိနေသည်။ တောင်ကြီးမြို့ သည် သဘာဝက ပေးသည့် လက်ဆောင်အဖြစ် တောင်ပေါ်မြို့ ဖြစ်သောကြောင့် မြို့ပေါ်မှ အမှိုက်နှင့် အညစ်အကြေးများက မြို့ပေါ်တွင်တင်ကျန်ရစ်မနေဘဲ တောင်အောက်သို့ စီးဆင်းသွားသဖြင့် မြို့ပေါ်တွင် သာယာ လှပသယောင် ဖြစ်နေ သည်။ သို့ရာတွင် ယင်းကဲ့သို့ လှပ အမြင်တင့်တယ်မှုမှာ ဗိုလ်ချုပ် အောင်ဆန်းလမ်းမ တစ်လျှောက်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရုံးစိုက်ရာနေရာ အနီးတစ်ဝိုက်သာ ဖြစ်သည်။
.
အနောက်မြို့ပတ်လမ်း၏ အနောက်ဘက်ခြမ်း လူနေရပ်ကွက်များကို သွားရောက်ကြည့်ရှုပါက တောင်ကြီး မြို့ သာယာလှပပါသည် ဟူသော စကားလုံးများ ပျောက်ဆုံးသွားမည်ဖြစ်သည်။ ကျောင်းကြီးစုရပ်ကွက် အနောက်ဘက် ခြမ်း တစ်လျှောက်နှင့် စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြသာစည် စသည့် ရပ်ကွက်များမှာ လိုအပ် ချက်တွေ များစွာရှိနေဆဲ ဖြစ် သည်။ နှစ်စဉ် မိုးသည်းထန်စွာ ရွာသွန်းတိုင်း ရေကြီးနစ်မြုပ်မှုကို ဒေသခံများ ခံစားနေကြရသည်။ လမ်းဆိုသည်မှာ လည်း မည်ကာမတ္တလမ်းသာဖြစ်သည်။ လကမ္ဘာလို အပေါက်တစ်ရာ ဖြင့် ပြည့်နှက်နေသည်။ ယင်းကဲ့သို့သော လိုအပ်ချက်များကို ကြည့်ခြင်းအားဖြင့် Smart City အသာထားကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် များစွာ လိုအပ်နေ ဆဲဖြစ်သည်။
.
“မလွယ်ဘူးလို့ ထင်တာပဲ။ တစ်မြို့လုံး လမ်းတွေ ခင်းဖို့က တော်တော်လေး လုပ်ယူရမှာပါ။ သူတို့ အစိုးရ သက်တမ်းက ၉ လပဲ ကျန်တော့တယ်။ Smart City က လုံးဝကို မဖြစ်နိုင်ဘူးလို့ သုံးသပ်တယ်။ Smart City ဆိုမှ တော့ တစ်မြို့လုံးကို ကြည့်မှ ရတယ်။ မြို့လယ်ခေါင်လေးကို ကွက်လုပ်ပြီး လက်ညှိုးထိုးပြနေလို့ မရဘူး” ဟု တောင်ကြီး ဒေသခံတစ်ဦးက ၎င်း၏အမြင်ကို ပြောဆိုထားသည်။
.
Smart City ဟူသည် သတင်းအချက်အလက်များကို ရယူစုဆောင်းရန် အီလက်ထရောနစ် အင်တာနက် အမျိုးမျိုး၊ အာရုံခံ ကိရိယာအမျိုးမျိုးကို အသုံးပြုပြီး အရင်းအမြစ်များနှင့် ဝန်ဆောင်မှုများကို ထိရောက်စွာ စီမံခန့်ခွဲခြင်း ဟု ဝီကီပီးဒီးယားတွင် ဖွင့်ဆိုထားသည်။
.
လက်ရှိ တောင်ကြီးမြို့၏ သတင်းအချက်အလက် ရယူသုံးစွဲမှု IT နည်းပညာ အသုံးချမှုမှာလည်း ခရီး မတွင် သေးသည်ကို သတိပြုရမည်ဖြစ်သည်။ နိုင်ငံအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီတာယူနစ် ကောက် ယူခြင်း၊ ကျသင့် ငွေ ပေးချေခြင်းကိစ္စကို အွန်လိုင်းမှတစ်ဆင့် ဆောင်ရွက်နေသည့် စံနမူနာများ ရှိနေသော် လည်း တောင်ကြီးတွင်မူ အလှမ်း ဝေးနေဆဲဖြစ်သည်။ အလားတူ စည်ပင်သာယာရေးဌာနမှ ထုတ်ပြန်ထား သည့် မြို့တော် မိုဘိုင်းလ်အပလီ ကေးရှင်းမှာလည်း လူထုအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိခြင်းမရှိသေးဘဲ အသုံးပြုသူ နည်းပါးနေဆဲဖြစ်သည်။
.
စမတ်ကျသော မြို့တော်တစ်ခုအဖြစ် တက်လှမ်းနိုင်ရေးအတွက် ရေ၊ မီး၊ လမ်း၊ တံတား အခြေခံအဆောက် အအုံ လိုအပ်ချက်များ၊ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ လိုအပ်ချက်များ စသည် စသည် လိုအပ်ချက်တွေ များစွာ ရှိ သလို ဖွံ့ဖြိုးတိုးတက်မှုနောက်လိုက်ရင်း သဘာဝပတ်ဝန်းကျင် ဂေဟစနစ် မပျက်စီးအောင်လည်း ဆောင်ရွက်သွားရ မည်ဖြစ်သည်။
.
Smart City ဖြစ်ဖို့ထက် ပေမီဒေါက်မီ မြို့တော်ဖြစ်စေရေး၊ ပေမီဒေါက်မီ လမ်းမများ ပေါ်ထွက်လာစေရေး ဦးစွာ ကြိုးပမ်းရဦးမည်သာ ဖြစ်ပါတော့သည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)