မည်သည့်ရောဂါ ကူးစက်မှု လှိုင်းတံပိုးမှ မကြုံတွေ့ပါစေကြောင်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မည်သည့်ရောဂါ ကူးစက်မှု လှိုင်းတံပိုးမှ မကြုံတွေ့ပါစေကြောင်း

ကမ္ဘောဇတိုင်း

.

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ရောဂါကူးစက်မှုမှ ကာကွယ် နိုင်ရေးအတွက် မြန်မာနိုင်ငံတစ်ဝှမ်း ဇွန်လ ၁၅ ရက်အထိ ထုတ်ပြန် ကြေညာထားသော ကန့်သတ်တားမြစ်ချက် များကို ဇွန်လ ၃၀ ရက်အထိ သက်တမ်း တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။ ယင်း ကြေညာချက်အရ လူစုလူဝေးနှင့် ပြု လုပ်သည့် အခမ်းအနား ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများ အစရှိသည့် လူစည်ကားရာ နေရာများကိုဆက် လက် ပိတ်ပင်ထားရမည် ဖြစ်ပါသည်။

.

သို့သော် နိုင်ငံ့စီးပွားရေးနှင့် နိုင်ငံသားများ၏ လူနေမှုဘဝအတွက် မဖြစ်မနေ ဖွင့်လှစ်ရန် လိုအပ်သော အဝေးပြေး ယာဉ်လိုင်းများ၊ ဈေးများ၊ စားသောက်ဆိုင်များကို ဇွန် လဆန်းပိုင်းမှ စတင်၍ အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ် ခွင့်ပြုထားပြီး ဖြစ်သည်။

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ရှိ မြို့မဈေး အပါအဝင် ရှမ်းပြည်နယ်အတွင်းမှ ဈေးများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ အကန့်အသတ်ဖြင့် ပြန်လည်ဖွင့် လှစ်ခွင့် ပြုထားပြီးလည်း ဖြစ်သည်။ သို့သော် အမှန်တကယ် စည်းကမ်း လိုက်နာမှု ရှိ/မရှိနှင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုခဲ့ သော ဈေးများ အမှန်တကယ် အသက်ဝင်မှု ရှိ/မရှိမှာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်နေသည်။ တစ်ဖန် တောင်ကြီးမြို့ပေါ် တွင် လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ယာယီနေရာချထားပေးသော ယာယီ ပျံကျဈေးများမှာလည်း လူစုလူဝေးများ ဖြစ်ပေါ်ကာ တိုးကြိတ်ပြီး ဈေးပုံစံအသစ် တစ်ခုကဲ့သို့ ပေါ်ပေါက်လာနေသည်။

.

မြန်မာနိုင်ငံတွင် ပထမဆုံး COVID-19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာ စတင် တွေ့ရှိသည့် မတ်လ ၂၃ ရက် မှ စ တင်၍ ဧပြီလ လယ်အထိ မဟာသင်္ကြန် ကာလနှင့်အတူ ဈေးများ၊ စီးပွားရေး လုပ်ငန်းများ အားလုံး ရပ်ဆိုင်းခဲ့သဖြင့် မြို့ရွာများ တိတ်ဆိတ် ငြိမ်သက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရောဂါဓါတ်ခွဲအတည်ပြု လူနာများ တဖြည်းဖြည်း တိုးပွားလာနေ သလို လမ်းမပေါ်မှ လူများလည်း တစ်ဖြည်းဖြည်း များပြားလာနေသည်။

.

အစိုးရနှင့် သက်ဆိုင်ရာဌာနများက ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ကန့်သတ်တားမြစ်မှု အမျိုးမျိုး ပြုလုပ်နေသော်လည်း အမှန်တကယ် တိကျစွာ လိုက်နာမှု အားနည်းနေသည်။ KTV များ၊ Bar များကို ပိတ် သိမ်းထားရန် ညွှန်ကြားထားသော်လည်း တရားမဝင် ခိုးဖွင့်နေသည့် KTV ဆိုင် အများအပြား ရှိလာနေသည်။ အောင် ပန်းမြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက KTV တစ်ခု၌ ဝိုင်းဖွဲ့သီချင်း သီဆိုနေသည့် လူငယ်များအား ဖမ်းဆီးတရား စွဲဆိုခဲ့ခြင်းက သက်သေပင် ဖြစ်သည်။

.

လက်ရှိ ဇွန်လ ၁၅ ရက်၊ ညပိုင်းအထိ မြန်မာနိုင်ငံတစ်ဝှမ်းတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၆၃ ဦး ရှိလာနေပြီဖြစ်ပြီး ယင်း လူနာများအနက် ပြည်ပနိုင်ငံများသို့ ခရီး သွားရောက်ခဲ့ဖူးသည့် ရာဇဝင် မရှိသူ၊ ရောဂါဓါတ်ခွဲ အတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် မရှိသူများလည်း ပါဝင်လာနေသည်ကို ကြည့်ခြင်းအားဖြင့် ရောဂါပိုး သည် နိုင်ငံအတွင်း လူဦးရေ မည်မျှအထိ တိတ်တဆိတ် ကူးစက်နေပြီ ဆိုသည်ကို မသိရှိနိုင်ချေ။

.

သို့ဖြစ်လေရာ ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ခြင်း၊ Mask တပ်ဆင်ခြင်း အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများမှ အခါအားလျော်စွာ ထုတ်ပြန် ထားသော အမိန့်နှင့်ညွှန်ကြားချက်များ၊ တားမြစ်ကန့်သတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွား ရန် လိုပါသည်။

.

COVID-19 ကပ်ရောဂါဆိုးကြီးသည် မမြင်နိုင်သလို ရောဂါပိုး ကူးစက်ခံရသူကိုလည်း မသိရှိနိုင်ပါ။ ရောဂါ လက္ခဏာ မပြဘဲ ရောဂါပိုး သယ်ဆောင်သူများလည်း ရှိနေနိုင်သည်။ ထို့ကြောင့် ပြည်သူများ အနေဖြင့် ဝမ်းစာရေးအတွက် မဖြစ်မနေ လုပ်ငန်း ဆောင်တာများကို လုပ်ဆောင်နေရသော်လည်း ယခုအချိန်သည် ရောဂါပိုး ကင်းရှင်းသွားခြင်း မ ဟုတ်သေးသည့်အတွက် စိတ်ဒုန်းဒုန်း ချရမည့် အခြေအနေ မဟုတ်သေးပါ။

.

ဒုတိယလှိုင်း ပြောပြော၊ ပြည်တွင်း ကူးစက်မှု ခေါ်ခေါ် မည်သည့်ရောဂါပိုး ကူးစက်မှု လှိုင်းတံပိုးမှ မြန်မာနိုင်ငံတွင် မကြုံတွေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဆန္ဒပြုလိုက်ရပါသည်။  

.

Journal Download

Photo of three cats