ရှမ်းပြည်နယ်အတွင်းရှိ COVID-19 စစ်ဆေးဂိတ်များ ပိတ်သိမ်း - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, June 1, 2020

ရှမ်းပြည်နယ်အတွင်းရှိ COVID-19 စစ်ဆေးဂိတ်များ ပိတ်သိမ်း


စုလှိုင်
.
ရှမ်းပြည်နယ် အတွင်းရှိ လေဆိပ်နှင့် နယ်စပ် ဝင်/ထွက်ဂိတ်များမှ အပ ကျန်ရှိသော COVID-19 ကူးစက်ရောဂါ စစ်ဆေးဂိတ်များကို ယနေ့ (ဇွန်လ ၁ ရက်)မှ စတင်၍ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
.
“ အခု လက်ရှိ ဒေသတွင်းမှာ တစ်ဦးကနေ တစ်ဦး ကူးစက်မှု မရှိဘူး ။ နောက်တစ်ခုက ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းကလည်း တော်တော်များများ ဆောင်ရွက်နိုင်တယ်ဆိုတော့ COVID -19 နဲ့ ပတ်သက်ပြီး လုပ်ဆောင်မှုတွေက အတိုင်းအတာ တစ်ခုထိ သက်ရောက်တယ်။ လေဆိပ် ၅ ခု နဲ့ နယ်စပ် ဝင်/ထွက် ဂိတ်တွေပဲ လုပ်တော့မှာ။ အကုန်လုံး နီးပါး သိမ်းလိုက်တော့မှာပေါ့။ လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေပဲ ကျန်တော့မှာပါ။” ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ရှမ်းပြည်နယ်ရှိ COVID-19 ကူးစက်ရောဂါ စစ်ဆေးဂိတ် အများစုကို ပိတ်သိမ်းခဲ့သော်လည်း ဟဲဟိုးလေဆိပ်၊ လားရှိုး လေဆိပ်၊ ကျိုင်းတုံလေဆိပ် ၊ တာချီလိတ်​လေဆိပ်၊ မိုင်းဆတ်လေဆိပ်နှင့် နယ်စပ် ဝင်ထွက်ဂိတ်များ ဖြစ်သော နမ့်ခမ်း၊ မူဆယ်၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ တာချီလိတ်၊ မိုင်းယု၊ ဝမ်ပုံ ရှိ ဂိတ်များတွင်မူ ကျန်းမာရေး စစ်ဆေးမှုများအား ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
.

ထို့အပြင် ယခု ဇွန်လမှ စတင်၍ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းများနှင့် သွေးလွန်တုပ်ကွေး ရောဂါ အသိပညာပေး လုပ်ငန်းများကိုလည်း ကျန်းမာရေး ဝန်ထမ်းများမှ အလှည့်ကျ စနစ်ဖြင့် လုပ်ဆောင်နေလျက် ရှိကြောင်းလည်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း၌ COVID-19 ကူးစက်ရောဂါ စစ်ဆေးဂိတ်များကို မတ်လ ၂၄ ရက် ဝန်းကျင်မှ စတင်၍ ဖွင့်လှစ်ပြီး ဖြတ်သန်း သွားလာသူများအား ကိုယ် အပူချိန် တိုင်းတာခြင်း၊ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ပိုးသတ်ဆေး ဖြန်းခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်း လုပ်ငန်းများကို စေတနာ့ဝန်ထမ်းများ၏ အကူအညီဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

Journal Download

Photo of three cats

About