စစ်ကိုင်းမြို့နေ အိန္ဒိယပြန် အမျိုးသား ၂ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 4, 2020

စစ်ကိုင်းမြို့နေ အိန္ဒိယပြန် အမျိုးသား ၂ ဦးတွင် COVID-19 ပိုးတွေ့


ကမ္ဘောဇတိုင်း
.
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နေ အိန္ဒိယနိုင်ငံမှ ပြန်လာသူ အမျိုးသား ၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ ဇွန်လ ၄ ရက်၊ ည ၈ နာရီအချိန် ထုတ်ပြန်ချက် အရ သိရသည်။
.
 
.
ယနေ့ ဇွန်လ ၄ ရက်တွင် ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓါတ်ခွဲနမူနာ ၁၀၇ ခု၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲ နမူနာ ၇၄၂ ခု၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL - Mdy) မှ ဓာတ်ခွဲနမူနာ ၂၄၄ ခုနှင့်- ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL - Mlm) မှ ဓာတ်ခွဲနမူနာ ၉၃  ခု၊ စုစုပေါင်း ဓါတ်ခွဲနမူနာ ၁၁၈၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ အဆိုပါ အမျိုးသား ၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန်ဓါတ်ခွဲနမူနာများတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
အဆိုပါ အမျိုးသားများမှာ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နေ အသက် ၃၀ နှစ် အရွယ် အမျိုးသားနှင့် အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့ဖြစ်ပြီး ၂ ဦးလုံးမှာ အိန္ဒိယနိုင်ငံမှ ပြန်လာကာ စစ်ကိုင်းမြို့တွင် အသွားအလာ ကန့်သတ် စောင့်ကြည့်နေသူများဖြစ်ကြောင်း သိရသည်။
.
သို့ဖြစ်၍ ယနေ့ ဇွန်လ ၄ ရက်၊ ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၂၃၆ ဦး ရှိလာပြီဖြစ်ပြီး ၎င်းတို့အနက် ရောဂါပိုး ကင်းစင်လာသူ ၁၄၈ ဦးရှိလာပြီး ၁၃၄ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်စောင့်ကြည့်လျက်ရှိကြောင်းနှင့် ဓါတ်ခွဲအတည်ပြု လူနာများအနက် သေဆုံးသူ ၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About