ရှမ်းပြည်နယ်အတွင်း COVID-19 နှင့် ပတ်သက်၍ ကန့်သတ်တားမြစ်ထားမှုများအား ဖြေလျှော့ပေးမည့် အခြေအနေ ကို မသိရှိရသေး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, June 27, 2020

ရှမ်းပြည်နယ်အတွင်း COVID-19 နှင့် ပတ်သက်၍ ကန့်သတ်တားမြစ်ထားမှုများအား ဖြေလျှော့ပေးမည့် အခြေအနေ ကို မသိရှိရသေး

ကိုစိုး (ကမ္ဘောဇတိုင်း)
.
ရှမ်းပြည်နယ်အတွင်းရှိ မြို့ရွာဒေသအသီးသီးတွင် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အတွက် လက်ရှိ ထုတ်ပြန်ထားသည့် ကန့်သတ်တားမြစ်ချက်များအား ဖြေလျှော့ပေးနိုင်မည့်အခြေအနေကို မသိရှိရသေးဘဲ အမျိုးသား အဆင့် COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်အတိုင်းသာ ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံက သိရသည်။
.
 
.
COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက လူစုလူဝေးနှင့် ပြုလုပ်သည့် အခမ်းအနား ပွဲလမ်းသဘင်များ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ KTVBar အစရှိသည့် လူစည်ကား ရာ နေရာများကို ဇွန်လ ၃၀ ရက်အထိ ဆက်လက်ပိတ်ထားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။
.
“ဖြေလျှော့ဖို့ ရှိ/မရှိ ဆိုတာကတော့ အမျိုးသားအဆင့် ဗဟိုကော်မတီက ထုတ်ပြန်မှ သိရပါမှာ။ ဒီရက်ပိုင်း အတွင်း ထုတ်ပြန်မှာပါ” ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ ရှမ်းပြည်နယ်အတွင်းရှိ စည်ပင်သာယာဈေးများကို ဇွန်လ ၁ ရက်မှ စတင်၍ အကန့်အသတ်ဖြင့် ပြန်လည် ဖွင့်လှစ်ခွင့် ပြုထားသော်လည်း ညဈေးတန်းနှင့် ပျံကျဈေးတန်းများကို လက်ရှိအချိန်အထိ ဖွင့်လှစ် ရောင်းချခွင့် မပြုသေးကြောင်း သိရသည်။
.
“ညဈေးတန်းတွေ၊ ပျံကျတွေ ပြန်ဖွင့်ခွင့် ပြု/မပြု ဆိုတာကလည်း ပြည်နယ်အဆင့် ကော်မတီ၊ ဗဟို ကော်မတီတွေက ညွှန်ကြားမှ ဖွင့်လို့ရမှာပါ။ အခုထိတော့ မသိသေးပါဘူး” ဟု တောင်ကြီးမြို့နယ် စည်ပင် သာယာရေးဌာန အမှုဆောင် အရာရှိ ဦးနေလင်းက ပြောသည်။
.
ယင်းကဲ့သို့ ကန့်သတ်တားမြစ်မှုတွင် နေ့စဉ် ည ၁၂ နာရီမှ နံနက် ၄ နာရီအချိန်ထိ ညမထွက်ရအမိန့်မှာ တစ်ခု အပါအဝင် ဖြစ်သော်လည်း လက်ရှိ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၌ ညစဉ် ည ၁၂ နာရီနောက်ပိုင်း အချိန်အထိ မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ ဆူညံစွာမောင်းနှင်မှုများ ရှိနေသည်ဟု တောင်ကြီး ဒေသခံများထံက သိရသည်။
.

No comments:

Post a Comment

Journal Download

Photo of three cats

About