ဆီဆိုင်မြို့နယ်မှ COVID-19 လူနာအမှတ် (၂၄၅) စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ဆီဆိုင်မြို့နယ်မှ COVID-19 လူနာအမှတ် (၂၄၅) စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိ

ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြု လူနာ အမှတ် (၂၄၅) သည် ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်က တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
.

.
အဆိုပါ ဓါတ်ခွဲအတည်ပြုလူနာ အမှတ် (၂၄၅) မှာ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင် ကျေးရွာ၌ အသွားအလာ ကန့်သတ် စောင့်ကြည့်နေသည့် အသက် ၃၀ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးသွားရာဇဝင် မရှိသကဲ့သို့ COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သည့် ရာဇဝင် လည်း မရှိသူဖြစ်ကာ ၎င်းအား ယနေ့ ဇွန်လ ၁၀ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့နယ် ကြက်ခြေနီအသင်းပိုင် လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း လူနာအမှတ် (၂၄၅) သည် ကချင်ပြည်နယ်၊ မြစ်ဆုံဒေသတွင် ပခုက္ကူမှ အခြားသူများနှင့်အတူ လမ်းလုပ်ငန်း သွားရောက်လုပ်ကိုင်ပြီးနောက် ပြန်လာသူဖြစ်ကာ ဆိုက်ခေါင်ကျေးရွာသို့ မေလ ၂၁ ရက်တွင် ပြန်ရောက်ပြီး ၎င်းအပါအဝင် မိသားစုဝင် ၆ ဦးလုံး Quarantine Center ၌ ဝင်ရောက်နေခြင်းဖြစ်ကာ ကျန်မိသားစုဝင်များ၏ အဖြေတွင် ရောဂါပိုး တွေ့ရှိခြင်း မရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း အဆိုပါ လူနာအမှတ် (၂၄၅) အပါအဝင် COVID-19 ရောဂါ ဓါတ်ခွဲအတည်ပြုလူနာ ၁၀ ဦး ရှိလာနေပြီဖြစ်ပြီး ၎င်းတို့အနက် ၇ ဦးမှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ လက်ရှိ ပိုးတွေ့ရှိထားသူ တောင်ကြီးမြို့၊ စဝ်စံထွန်း ဆေးရုံ၌ ဆေးကုသမှု ခံယူနေသည့် ရွာငံမြို့မှ လူနာအမှတ် (၂၃၀)၊ မူဆယ်ဆေးရုံမှ လူနာအမှတ် (၂၃၁) နှင့် ယခု လူနာအမှတ် (၂၄၅) ဦး ၃ ဦးသာ ကျန်ရှိကြောင်း သိရသည်။
.

Journal Download

Photo of three cats