မိုင်းတုံတွင် တောလိုက်သွားရာမှ ပျောက်ဆုံးနေသူ ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် တောလိုက်သွားရာမှ ပျောက်ဆုံးနေသူ ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိ

မင်းဇော်မင်း

.

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ပုံပါကျင်မြို့၊ နားကောင်းမူကျေးရွာတွင် တောလိုက်သွားရာမှ ပျောက်ဆုံးနေသူ လားဟူတိုင်းရင်းသား ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ သေဆုံးသူ ၂ ဦးသည် ဇွန်လ ၅ ရက်က တောလိုက်သွားရာမှ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ကျေးရွာနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များက တောနင်းလိုက်လံရှာဖွေရာ ပထမတစ်ဦး၏ ရုပ်အလောင်းကို ဇွန်လ ၁၂ ရက်၊ ညနေ ၃ နာရီခန့်က ဆီးငင်းကျေးရွာ အနောက်ဘက် နမ့်ဟန်ချောင်းအတွင်း ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၁၄ ရက်က ထပ်မံတွေ့ရှိသူမှာလည်း အသတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

.

“သတင်းကြားလို့ ဖြစ်ရပ်အကြမ်းတော့ သိရပေမဲ့ လာရောက်တိုင်ကြား အမှုဖွင့်တဲ့သူ မရှိဘူး” ဟု မိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိတစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

“မျက်နှာတွေကို ဓါးနဲ့မွှန်းထားတယ်။ ခြေလက်အကြောတွေ ဖြတ်ထားတယ်။ ခါးကိုလည်း ကြိုးနဲ့ချည်ထားပြီး ထိုးသွင်း ဒဏ်ရာတွေ တွေ့ရှိရတယ်လို့ ဒေသခံတွေဆီက သိရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

သေဆုံးသူများမှာ နားကောင်းမူးကျေးရွာနေ ကျမော် (ခ) ကျဖော်ဟဲနှင့် ဟန်မတ်တို့ ၂ ဦးသည် ပြီးခဲ့သည့် ဇွန်လ ၅ ရက်က တောလိုက်စဉ် ဆိုင်ကယ်တစ်စီး ပျက်သဖြင့် ပစ္စည်းဝယ်ရန် ပြန်လာပြီးနောက် ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားရာမှ ပြန်မလာသည့်အတွက် မိသားစုမှ အကူအညီတောင်းခံသဖြင့် ကျေးရွာသားများနှင့် ပြည်သူ့စစ် များမှ တောနင်းရှာဖွေခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သေဆုံးသူများ၏ ရုပ်အလောင်းအား တွေ့ရှိရာနေရာ အနီးတွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။

.

မိုင်းတုံမြို့နယ်၊ ပုံပါကျင်ဒေသအနီးဝန်းကျင်တွင် “ဝ” တောင်ပိုင်း စစ်ဒေသ (၁၇၁)နှင့် RCSS/SSA တပ်စခန်းများ အခြေပြုလှုပ်ရှားနေပြီး ဒေသခံပြည်သူ့စစ်များလည်း သွားလာလှုပ်ရှားနေသည့် ဒေသဖြစ်သည့်အပြင် မူးယစ်ဆေးဝါး သယ်ဆောင်သူ များလည်း သွားလာလှုပ်ရှားတတ်ကြောင်း ဒေသခံများထံက သိရသည်။

.

Journal Download

Photo of three cats