တောင်ကြီး-ဇလဲ-လဲသက်လမ်းကို အရေးပေါ် ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်ရေး အဆင့်မြှင့်တင် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး-ဇလဲ-လဲသက်လမ်းကို အရေးပေါ် ဖြတ်လမ်းအဖြစ် အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်

စုလှိုင်
.
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့ အတက်/အဆင်းလမ်းတွင် ရာသီဥတုအခြေအနေကြောင့်ဖြစ်စေ၊ အခြား အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ပါက အရေးပေါ် ဖြတ်လမ်းအဖြစ် အသုံးပြု နိုင်ရန်အတွက် တောင်ကြီး-ဇလဲ-လဲသက်လမ်းကို အဆင့်မြှင့်တင် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။
.
 
.
တောင်ကြီး-အေးသာယာ အတက်/အဆင်းလမ်းမှာ ရာသီဥတုကြောင့် သစ်ပင်ကျိုးတာ၊ ကားကြီးတွေ၊ တွဲ ကားတွေပျက်တာဖြစ်ရင် လမ်းပိတ်တတ်တယ်။ အဲဒီလိုအခြေအနေမျိုးမှာ အဲဒါကိုရှောင်ကွင်းပြီး အရေးပေါ် ဖြတ်လမ်းအဖြစ် သုံးဖို့ဖြစ် ပါတယ်”ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦး မျိုးလွင်က ကမ္ဘောဇတိုင်း သို့ ပြောသည်။
.
ထိုသို့ လမ်းအဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် တောင်ကြီး-ဇလဲ-လဲသက်လမ်း၏ ကရင်မရေထွက်မှ ပလီ လင်းကျေးရွာ လမ်းဆုံအထိ လမ်းပိုင်းအား မူလ ၁၁ အပေအကျယ် မှ ၁၈ ပေအကျယ် ကတ္တရာလမ်း အဆင့် မြှင့်တင်ခြင်းနှင့် အတက်/အဆင်း မတ်စောက်သော အပိုင်းများ၌ ၂၄ ပေအကျယ် ကွန်ကရစ် ခင်းခြင်း၊ လမ်းပခုံးသား အကျယ် ၄၁ ပေ ခင်းခြင်း၊ သစ်ပင်ထောင်-မကျီးပင်-ပလီလင်း လမ်းပိုင်း၏ ကတ္တရာလမ်း အဆင့်မြှင့်တင်ရန် ကျန်ရှိနေသော အား/ကာ သိပ္ပံမှ ပလီလင်းကျေးရွာ လမ်းဆုံအထိ ၃ မိုင် ၂ ဖာလုံအား မူလ အမာခံလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ရန် ရှမ်းပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။
.
"လမ်းက နဂိုရှိပြီးသားပါ။ ကားလေးတွေလောက်ပဲ သွားလို့ရတယ်။ လမ်းကို နိမ့်နေတာဖို့မယ်။ ကွေ့တွေ ကို ဖြောင့်မယ်။ နောင်အနာဂတ်မှာ ကားကြီးတွေပါ သွားလာနိုင်မယ့် အခြေအနေ ရှိပါတယ် ”ဟု ဦးမျိုးလွင်က ဆက်လက် ပြောဆိုခဲ့သည်။
.
အဆိုပါ လမ်းအား အဆင့်မြှင့် တင်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
.

Journal Download

Photo of three cats