တောင်ကြီး အနောက်မြို့ပတ်လမ်းအဆင့်မြှင့်တင်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ကုန်တင်ယာဉ် များကို သွားလာမှု ကန့်သတ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

တောင်ကြီး အနောက်မြို့ပတ်လမ်းအဆင့်မြှင့်တင်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ကုန်တင်ယာဉ် များကို သွားလာမှု ကန့်သတ်

စုလှိုင်

.

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အဆင့်မြှင့်တင် ဆောင်ရွက်ရာတွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ဇွန်လ ၁၇ ရက်မှ စတင်၍ ကုန်တင်ယာဉ်များ၊ တွဲယာဉ်များကို သွားလာမှု ကန့်သတ်သွားမည် ဖြစ်ကြောင်း သိရသည်။

.





.

ထိုသို့ ကန့်သတ်ရာတွင် အေးသာယာမြို့ဘက်မှ ဟိုပုံးနှင့် ကျောက်တလုံးကြီးမြို့များသို့ သွားရောက်မည့် ၆ ဘီးမှ ၁၂ ဘီးအထိ ကုန်တင်ယာဉ်များသည် အေးသာယာအတက်လမ်းမှ တစ်ဆင့် အနောက်မြို့ပတ်လမ်း၊ ညောင်ပင်သာလမ်း၊ ဗိုလ်ချုပ်လမ်းမှ အရှေ့ မြို့ပတ်လမ်းအတိုင်း မောင်းနှင်ကြရမည်ဖြစ်ပြီး ဟိုပုံးမြို့ဘက်မှ အေးသာယာမြို့ဘက်သို့ သွားရောက်မည့် ယာဉ်များသည် စူဠာမုနိလမ်းဆုံမှ အရှေ့မြို့ပတ်လမ်းအတိုင်း မြင်းစီးရုပ်တု၊ ၎င်းမှ စဝ်စံထွန်းဈေး လမ်းအတိုင်း အနောက်မြို့ပတ်လမ်းဆုံ၊ အေးသာယာအဆင်းလမ်းသို့ မောင်းနှင်ရမည်ဖြစ်ကာ အချိန်အပိုင်းအခြား ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။

.

အလားတူ ၂၂ ဘီးယာဉ်များ၊ တွဲယာဉ်များကို နေ့စဉ် ညနေ ၆ နာရီမှ နောက်တစ်နေ့နံနက် ၆ နာရီအချိန်အတွင်းသာ မြို့တွင်းသို့ ဖြတ်သန်းမောင်းနှင်ခွင့် ပြုမည်ဖြစ်ပြီး အေးသာယာဘက်မှ ဟိုပုံးဘက်သို့ သွားရောက်မည့် ယာဉ်များ သည် အေးသာယာ အတက်လမ်းမှတစ်ဆင့် အနောက်မြို့ပတ်လမ်းအတိုင်း မောင်းနှင်ရန်နှင့် ဟိုပုံးဘက်မှ အေးသာယာဘက် သို့ သွားရောက်မည့် ယာဉ်များသည် စူဠာမုနိလမ်းဆုံ၊ ၎င်းမှတစ်ဆင့် အရှေ့မြို့ပတ်လမ်း၊ မြင်းစီးရုပ်တုမှ ဗိုလ်ချုပ်လမ်း၊ အေးသာယာအဆင်းလမ်းအတိုင်း မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ကန့်သတ်မှုများကို ဟိုပုံးတိုးလ်ဂိတ်၊ TBC အနီး၊ အဝေရာမီးပုံးပျံကွင်းလမ်းဆုံ၊ အေးသာယာတိုးလ်ဂိတ်၊ မြေပုံ၊ မြို့ဝင်မုခ်ဦး၊ ညောင်ပင်သာလမ်း၊ မြင်းစီးရုပ်တု၊ စူဠာမုနိလမ်းဆုံ၊ စိန်ဆေးရုံထောင့်၊ မြင်းစီးရုပ်အနီး၊ စဝ်စံထွန်း လမ်းဆုံတို့တွင် ၆ ပေ x ၄ ပေအရွယ် လမ်းညွှန်မြေပုံများကို ချိတ်ဆွဲအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်း အပိုင်း (၂) နဂါးပွက်လမ်းဆုံမှ ဝါးပြား လမ်းအထိ လမ်းအရှည် ၁ ဒသမ ၈ မိုင်ကို၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး လာမည့် စက်တင်ဘာလတွင် အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats