အောင်ပန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Thursday, June 11, 2020

အောင်ပန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့တွင် ဇွန်လ ၁၀ ရက်၊ ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး မင်္ဂလာရပ်ကွက်ရှိ လူနေအိမ် ၂၄ လုံး ရေဝင်ရောက်ခဲ့ကာ မိသားစု ၁၆ စု နီးစပ်ရာ အိမ်များတွင် ယာယီ ရွှေ့ပြောင်းနေထိုင်နေရသည်ဟု သိရသည်။

.

.

“မိုးက ၁ နာရီလောက်ကို သည်းတာပါ။ အပေါ်ပိုင်းရေမြောင်းတွေ ကျဉ်းပြီးရေစီးရေလာမကောင်းတော့ အနိမ့်ပိုင်း ရပ်ကွက်တွေ ရေဝင်တာပေါ့။ မနှစ်က ဒီလောက်မဆိုးဘူး။ လူတွေ၊ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု မရှိပေမဲ့ အုတ် တံတိုင်းပြိုတာ၊ အိုးခွက်ပန်းကန်တွေ မျှောတာတော့ ရှိခဲ့တယ်။ ဒီထက်ဆိုးရင် ညအချိန်မျိုးဆို ခက်မယ်။ ပြီးတော့ လျှပ်စစ်ပစ္စည်းလိုဟာတွေ ပျက်နိုင်တယ်” ဟု အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ မိုးရွာသွန်းမှုကြောင့် အောင်ပန်းမြို့၊ မင်္ဂလာရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) တို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်ကာ မင်္ဂလာရပ်ကွက်၊ နယ်မြေ (၁)၊ ဒူးယားလမ်း၊ နယ်မြေ (၃-က)၊ စံပယ်လမ်း၊ ခတ္တာလမ်း၊ နယ်မြေ (၅) ဘဲလေးကန်လမ်းတစ်လျှောက်ရှိ လူနေအိမ် ၂၄ လုံး ရေဝင်နစ်မြှုပ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရေအမြင့် ၄ ပေ ကျော်ရှိခဲ့ကာ လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိဘဲ ပရိဘောဂများ ရေစိုပျက်စီးမှု အနည်းငယ် ရှိခဲ့ကြောင်း သိရသည်။

.

အလားတူ မိုးကောင်း၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) တို့တွင်လည်း နေအိမ်ခြံစည်းရိုး၊ အုတ်တံတိုင်း အနည်းငယ် ပြိုကျ ကာ ရေနောက် မျှောပါသွားခဲ့ကြောင်း သိရသည်။

.

ယင်းကဲ့သို့ ရေကြီးရေလျှံမှု မဖြစ်ပွားစေရေးအတွက် ပြည်ထောင်စုလမ်းမကြီးမှရေဆင်းပိုက်များ သေချာစွာ ပြုလုပ်ရန်၊ ရေဆင်းမြောင်းများအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကို ထိန်းသိမ်းရန်၊ လူနေအိမ်ခြေများ ချဲ့ထွင်လာမှုကြောင့် ရေမြောင်းများ ကျဉ်းမြောင်းလာမှုအား ပြုပြင်ပေးရန်၊ အနိမ့်ပိုင်းရပ်ကွက်များသို့ ကျဆင်းလာသည့် ရေလမ်းကြောင်း များ ပြုပြင်ပေးရန်လိုအပ်ကြောင်း မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ထွန်းက အကြံပြုပြောဆိုခဲ့သည်။

.

“ချောင်းမြောင်းတွေနားမှာ နေတဲ့အိမ်တွေက အမှိုက်စွန့်ပစ်တာကို ရပ်ကွက်အလိုက် အသိပညာပေးဖို့၊ ပြည်ထောင်စု လမ်းမကြီးက ဆင်းလာတဲ့ရေကို လွတ်ကင်းရာ စီးဆင်းနိုင်ဖို့၊ မြောင်းတွေရှင်းလင်းဖို့ တွေကို သက်ဆိုင်ရာ ရပ်ကွက်၊ လမ်းကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်နေပါတယ်။ မိုးဦးမှာ ဒီလိုဖြစ်တော့ နောက်ပိုင်းအတွက် သေသေချာချာ လုပ်ဖို့ လိုအပ်တာကို ဆောင်ရွက်သွားပါမယ်” ဟု အောင်ပန်းမြို့ စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးနိုင်မျိုးဦးက ပြောသည်။

.

ရေမြောင်းအတွင်းပိတ်ဆို့နေသည့် ဆန်ကာများ၊ ပလတ်စတစ်စများကို ဖယ်ရှားရပြီး အချို့အိမ်များမှ ရေမဝင်အောင် ကာသည့် ရေကာများက ရေစီးအားကို ပိုမိုများပြားစေကြောင်းတွေ့ရှိရသဖြင့် ပြုပြင်သွားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

.

အောင်ပန်းမြို့တွင် မိုးရေချိန် တိုင်းတာရေးစခန်း မရှိသဖြင့် မိုးရေချိန် မတိုင်းတာနိုင်ခဲ့သော်လည်း တောင်ကြီးမြို့ရှိ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အောင်ပန်းမြို့၏ အရှေ့ဘက်၊ ဟဲဟိုးမြို့တွင် ဇွန်လ ၁၀ ရက်က မိုးရေချိန် ၀ ဒသမ ၁၂ လက်မ ရွာသွန်းခဲ့ကြောင်း သိရသည်။

.

No comments:

Post a Comment

Journal Download

Photo of three cats