အောင်ပန်းရှိ KTV ဆိုင်တစ်ခုတွင် သီချင်းသီဆိုသူများကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆို - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းရှိ KTV ဆိုင်တစ်ခုတွင် သီချင်းသီဆိုသူများကို ကူးစက်ရောဂါကာကွယ်ရေးဥပဒေဖြင့် တရားစွဲဆို

မင်းဇော်မင်း

.

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ KTV ဆိုင်တစ်ခုတွင် ဝိုင်းဖွဲ့သီချင်းသီဆို ခဲ့သူများကို ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေဖြင့် ကလောမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ပြီး ယနေ့ ဇွန်လ ၁၁ ရက်၊ နံနက်ပိုင်းက စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

.

.

အောင်ပန်းမြို့၊ အောင်ပန်း-ပင်းတယသွား ကားလမ်းဘေးရှိ KTV ဆိုင်တစ်ခုတွင် ဇွန်လ ၅ ရက်၊ ည ၁၀ နာရီခန့်က အောင်ပန်းမြို့၊ အမှတ် (၂) ရပ်ကွက်နေ ကိုနေဇော်ပါ ၉ ဦးမှ ဝိုင်းဖွဲ့သီချင်းသီဆိုနေသဖြင့် အောင်ပန်းမြို့ အုပ်ချုပ် ရေးမှူး ဦးမြင့်ဇော်၊ အောင်ပန်းမြို့ စည်ပင်သာယာရေးရုံးခွဲမှ ဦးစီးအရာရှိ ဦးနိုင်မျိုးဦး၊ အောင်ပန်းနယ်မြေရဲစန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိသဖြင့် KTV ဆိုင် တာဝန်ခံမန်နေဂျာ ကိုစိုင်းနှင့် သီချင်းဝိုင်းဖွဲ့ သီဆိုခဲ့သူ ၉ ဦးတို့အား ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေအရ  အရေးယူပေးနိုင်ရန် အောင်ပန်းတိုက်နယ်ဆေးရုံအုပ်မှ  ကလောမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

အဆိုပါ သီချင်းစုဖွဲ့သီဆိုနေသူ အောင်ပန်းမြို့ နေ ကိုနေဇော် (၃၀ နှစ်)၊ ကိုသူရိန် (၂၄ နှစ်)၊ ရဲဝင်းထွေး (၂၅ နှစ်)၊ ရဲလင်းနိုင် (၂၈ နှစ်)၊ ထွန်းမင်းဦး (၂၈ နှစ်)  ဟိန်းခန့် (၂၃ နှစ်)  ရဲထက်ကျော် (၂၂ နှစ်)၊ သာထက်အောင် (၂၈ နှစ်)၊ မင်းသီဟနိုင် (၂၂ နှစ်) တို့ ၉ ဦးအား ၁၉၉၅ ခုနှစ်၊ ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေးဥပဒေပုဒ်မ ၁၈ ဖြင့် ကလောမြို့နယ်တရားရုံးမှ ရာကြီးအမှုအမှတ် ၃၀၂/၂၀၂၀ ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

.

ယင်းကဲ့သို့ တရားစွဲဆိုခံရမှုနှင့် ပတ်သက်၍ အလင်္ကာ KTV ဆိုင်မှ တာဝန်ရှိသူတစ်ဦးက “လူငယ် ၉ ဦး တွေ့တယ် ဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူတို့က ၃ ယောက်စီ ကား ၃ စီးနဲ့ သပ်သပ်လာကြတာပါ။ သီချင်းသီဆို နေတာ မဟုတ်ပါဘူး။ ဆိုင်ဖွင့်ထားတာလည်း မဟုတ်ပါဘူး။ တိုင်ကြားချက်အရ ဆိုပြီး ရဲက လာရှာတော့ မန်နေဂျာက စိုးရိမ်ပြီး KTV ခန်း တစ်ခန်းထဲမှာ ခေတ္တ သွင်းထားလိုက်တုန်း တွေ့တာပါ” ဟု ပြောဆိုခဲ့သည်။

.

COVID-19 ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကာလအတွင်း လူစုလူဝေးမပြုလုပ်ရန်၊ KTV များကို ပိတ်ထားရန်၊ ည ၁၂ နာရီမှ နံနက်၄ နာရီအထိ အိမ်ပြင် မထွက်ကြရန် တားမြစ်ထားကြောင်း သိရသည်။

.

[သတင်းဖြည့်စွက်ချက်။ ယင်း ဆိုင် အမည်မှာ အလင်္ကာ KTV ဆိုင်ဟု သိရသည်။]

Journal Download

Photo of three cats