တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ မြေသိမ်းမှုနှင့် ပတ်သက်၍ မြေပိုင်ရှင်တစ်ဦး တရားစွဲဆိုခံရ - Kanbawza Tai News

Breaking

Boxed(True/False)

Tuesday, June 23, 2020

တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ မြေသိမ်းမှုနှင့် ပတ်သက်၍ မြေပိုင်ရှင်တစ်ဦး တရားစွဲဆိုခံရ


စုလှိုင်
.
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝမ်လုံးကျေးရွာအုပ်စု၊ ခမရ (၃၃၁) တပ် အနီးရှိ စစ်မှုထမ်းဟောင်းအဖွဲ့မှ မြေသိမ်းမှုနှင့် ပတ်သက်၍ မြေပိုင်ရှင် ၁ ဦး တရားစွဲဆိုခံရကြောင်း သိရသည်။
.
"တရားဝင် လက်ရှိ စိုက်ပျိုးနေတဲ့ အချိန်မှာ တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ဥပဒေအရ ဖြေရှင်းရမယ့် ကိစ္စကို အကြမ်းဖက်ပြီး ဖြိုခွင်းတယ်။ ဒီမြေတွေကိုလည်း မတရား သိမ်းပိုက်ထားတာပါ။ ၁၈၉၄ မြေသိမ်း ဥပဒေနဲ့လည်း မညီညွတ်ဘူးပေါ့။ မြေ ၁၈ ဧက ရှိတယ်။ မြေပုံတုနဲ့ အမှုဖွင့်တာကို မြေပုံတွေ ကွဲလွဲနေတာ ပေါ်ပေါက်နေလျက်နဲ့ ကျွန်တော်တို့ အရမ်း နစ်နာတယ်ဟု မြေသိမ်းဆည်းခံရသူ ဦးသန်းလှိုင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.

အဆိုပါ သိမ်းဆည်းခံမြေ ၁၈ ဧကနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့လည်း အသနားခံစာ ပေးပို့ထားကာ ပြီးခဲ့သည့် ဇွန်လ ၇ ရက်က အေးသာယာမြို့တွင် သတင်းစာ ရှင်းလင်းပွဲ တစ်ခု ပြုလုပ်ခဲ့သည်ဟု သိရသည်။
.
"ကျွန်မတို့ နစ်နာတာကို သိစေချင်တယ်။ ပြီးတော့ မြေပုံတွေကိုလည်း အမှန်အတိုင်းပဲ ဖြစ်စေချင်တယ်။ အိမ်လည်း ၆ လုံး ဖျက်ဆီး ခံရတယ်။ လက်ပြန်ကြိုး တုပ်ပြီး တစ်ဖွဲ့လုံးကို တောထဲမှာ ထားခဲ့တယ်။ ရဲစခန်းကို သွားမယ် ဆိုတော့လည်း ရဲစခန်းကို မခေါ်ဘူး။ နစ်နာထားတော့ အကုန်လုံးကို သိစေချင်တယ်ဟု မြေသိမ်းခံရသူ တစ်ဦး ဖြစ်သူ မတိုးတိုးလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှူး ဦးရန်နိုင်ထွန်းအား ကမ္ဘောဇတိုင်းမှ ဆက်သွယ်မေးမြန်းရာ "မြေစာရင်း ဦးစီးဌာန အနေနဲ့ ကွင်းဆင်း စစ်ဆေး တိုင်းတာတာမျိုး မရှိသေးပါဘူး။ စစ်မှုထမ်းဟောင်း အဖွဲ့က တရားလို လုပ်ပြီး စွဲတာလည်း ရှိသလို ဦးသန်းလှိုင်ဘက်ကလည်း တရားလို လုပ်ပြီး တရားစွဲတာ ရှိပါတယ်။ စခန်းမှာ အမှု တည်ဆောက်နေတုန်းပဲ ရှိပါသေးတယ်ဟု ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အပြင် တာချီလိတ်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌထံသို့ ဆက်သွယ် မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။
.
တာချီလိတ်မြို့နယ်သည် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တည်ရှိပြီး စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်သော နယ်စပ်မြို့ တစ်မြို့ ဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်း၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု လုပ်ငန်းများကို အဓိက လုပ်ကိုင်သော မြို့နယ်တစ်ခု ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats

Fixed Sidebar (true/false)